ဆိပ်ဖြူမှာ ဒေသခံ ၁၇ ဦး ဖမ်းဆီးခံထားရပြီး နှစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

အင်အားတစ်ရာဝန်းကျင်ပါတဲ့ စစ်ကြောင်းက အနောက်ကံတွင်းရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ဒေသခံ ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာဟုဆို။

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ကျေးရွာ ၁၅ ရွာက ဒေသခံ နှစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ၁၇ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အင်အားတစ်ရာဝန်းကျင်ပါတဲ့ စစ်ကြောင်းက အောက်တိုဘာလ ၂၁ ရက်နေ့မှာ အနောက်ကံတွင်းရွာကို ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ပြန်မလွတ်လာသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက ၂၁ ရက်နေ့မှာဝင်ပြီး ၂၂ ရက်နေ့လယ်ပိုင်းမှာ အိမ် ကိုးလုံးမီးရှို့ပြီး ပြန်ထွက်သွားတယ်။ တစ်ရွာလုံးက ဒေသခံတွေ မယူသွားလိုက်နိုင်တဲ့ ဆိုင်ကယ်၊ မီးစက်၊ ဖုန်း၊ ပါဝါဘန့်၊ ရွှေနဲ့ပိုက်ဆံ တွေ့သမျှအကုန် ယူသွားတယ်။ စစ်ကြောင်းစဝင်ကတည်းက ဘုန်းကြီးကျောင်းမှာ စခန်းချထားတယ်။ ရွာကိုပတ်မွှေတယ်။ သူတို့စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းခံထားရတဲ့ အရပ်သားတွေကိုလည်း အဲဒီဘုန်းကြီးကျောင်းမှာ စုထားပြီးတော့ မနက်စစ်ကြောင်းထွက်တော့ အတူခေါ်သွားတာ။ ဒီနေ့အထိ ဘာသတင်းမှမကြားရသေးဘူး”

ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၇ ဦးထဲမှာ အမျိုးသမီး သုံးဦး၊ ကလေးငယ် နှစ်ဦးနဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသား ၁၂ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ RFA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

သူတို့ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ကြောင်းဟာ ဆိပ်ဖြူမြို့နယ်အတွင်း ဆက်ပြီးလှုပ်ရှားနေတာကြောင့် ခတက်ကုန်း၊ ထိန်ကန်၊ တမာချောင်၊ ဆူးပုတ်ကုန်း၊ ကဇွဲ၊ စိန်ပန်းကုန်း၊ ဂျုပ်ချောင်လေး၊ တဲကြီး၊ လိပ်ခြံ၊ ရေပုတ်နဲ့ အနောက်ကံတွင်း အပါအဝင် ကျေးရွာ ၁၅ ရွာက ဒေသခံ နှစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကိုင်းတိုင်းပြောခွင့်ရသူ စီမံကိန်း၊ စီးပွားရေးနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

အောက်တိုဘာလ အစောပိုင်းကလည်း အနောက်ကံတွင်းကုန်းရွာက ဒေသခံ ခုနစ်ဦးနဲ့ လိပ်ခြံရွာက ဒေသခံ ၂၂ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ အဖွဲ့တွေရဲ့ လက်ချက်ကြောင့် အရပ်သား ၈,၆၀၈ ဦး သေဆုံးခဲ့ရပြီး ၃၂,၂၀၂ ဦးဖမ်းဆီးခံခဲ့ရပါတယ်။