ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွက် ယမ်းပြင်ဆင်နေချိန် အောက်တိုဘာလ ၂၄ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးကာ နောက်ထပ် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တောင်ကြီးမြို့ ကံသာရပ်ကွက်၊ နယ်မြေ (၁)၊ မြမဉ္ဇူလမ်းမှာရှိတဲ့ ပုံရိပ်မီးပုံးပျံအဖွဲ့ရဲ့ ယမ်းပြင်ဆင်တဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် မောင်ဝေယံမင်းထက်ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ အသက် ၂၆ နှစ်အရွယ် ကိုသူရအောင်၊ အသက် ၂၈ နှစ်အရွယ် ကိုရဲကျော်စွာထွန်း၊ အသက် ၄၀ အရွယ် ကိုဘိုဘိုနဲ့ နောက်ထပ်နှစ်ဦး ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းထန်သူတချို့ကို တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ ပုံရိပ်မီးပုံးပျံအဖွဲ့ရဲ့ ဦးဆောင်သူကို ဖမ်းဆီးပြီး တောင်ကြီးမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက်ဆက်တွဲ အရေးယူမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကြီးမြို့က မီးပုံးပျံပြုလုပ်သူတစ်ဦးကတော့ ပေါက်ကွဲနိုင်တဲ့ ယမ်းတွေကို လူနေထူထပ်တဲ့ မြို့တွင်းမှာ မပြင်ဆင်သင့်ဘဲ မြို့ပြင်မှာသာ ပြုလုပ်သင့်တယ်လို့ RFA ကို ပြောပါတယ်။
“အမှန်က မီးပုံးပျံအတွက် ယမ်းတွေကို ပြုလုပ်တဲ့အခါ မြို့ထဲမှာ မလုပ်ဘဲ မြို့ပြင်မှာပဲ လုပ်သင့်တာပါ။ ကျွန်တော်တို့ဆို မြို့ပြင်မှာပဲလုပ်တယ်။ လုပ်ပြီးတဲ့ယမ်းတွေကိုလည်း ခွဲ ခွဲထားတယ်။ ပေါက်ကွဲတတ်တဲ့ပစ္စည်းတွေဖြစ်တော့ ပေါက်သွားရင်လည်း သက်သာအောင် ခွဲထားရတာပါ။ သက်ဆိုင်ရာကလည်း ကြီးကြပ်စစ်ဆေးသင့်ပါတယ်။ အခုတော့ မီးပုံးပျံ လေးလုံးစာဆိုတော့ ယမ်းပိဿာချိန် တစ်ရာကျော်ရှိတယ်လေ။ ဒါကြောင့် လူတွေသေတဲ့အထိ ဖြစ်သွားရတာပါ”
ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ စစ်တပ်ခန့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ကနဦးထုတ်ပြန်ချက်မှာတော့ ဒီယမ်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး နောက်ထပ်သုံးဦးဒဏ်ရာရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကို သိထားတဲ့ ဒေသခံတွေကတော့ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တာလို့ RFA ကို ပြောပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလကလည်း တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စု ဒုံခါးရားရွာမှာ မီးပုံးပျံအတွက် ယမ်းစပ်နေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၄ ရက်အထိ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
