ဒေသတွင်း တည်ငြိမ်အေးချမ်းမှုဖို့အတွက် ပကတိအခြေအနေကို ကြည့်ပြီး မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ဆက်ဆံရေးထူထောင်ဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို သြဂုတ်လ ၄ ရက်နေ့မှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် (Anutin Charnvirakul) က တိုက်တွန်းလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာတည်ရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို သြဂုတ်လ ၄ ရက်နေ့က ရောက်ရှိစဥ်မှာ ထိုင်းဝန်ကြီးချုပ်က အခုလို တိုက်တွန်းလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်း ရေးဟာ ဒေသတွင်း စည်းလုံးညီညွတ်မှုအတွက် အရေးပါတယ်လို့လည်း သူကပြောပါတယ်။
“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့ လိုက်လျောညီထွေတဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေးကို ဦးဆောင် ကြိုးပမ်း နေပါ တယ်။ ဒါမှသာ ဆွေးနွေးရေးလမ်းစပေါ်လာမှာဖြစ်ပြီး လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို တုံ့ပြန် ဆောင်ရွက်နိုင်မှာဖြစ်သလို တစ်ဖက်မှာလည်း တိကျလေးနက်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အပြောင်းအလဲတွေလည်း ဖြစ်လာမှာပါ။”
ထိုင်းဝန်ကြီးချုပ်ဟာ မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ထိုင်းနိုင်ငံကို အလည်အပတ် လာရောက်ဖို့ ဖိတ်ကြားထားပြီး သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ဘန်ကောက်မြို့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ စစ်ခေါင်းဆောင်ဟောင်းကို ထိုင်းကို ချစ်ကြည်ရေးခရီးဖိတ်တာဟာ အာဆီယံက ရေရှည်ကျင့်သုံးလာခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် စွန့်လွတ်လိုက်တာမဟုတ်ဘူးလို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က ဇူလိုင်လ ၁၅ ရက်နေ့က ပြောကြားထားပါတယ်။
“ဘုံသဘောတူညီချက် ၅ ရပ်ကို လမ်းပြမူဘောင်အဖြစ် ထိုင်းနိုင်ငံက ထောက်ခံပြီး တစ်ချိန်ထဲမှာလည်း အာဆီယံနဲ့ မြန်မာထိတွေ့ဆက်ဆံရေးနဲ့ပတ်သက်လို့ အပြောင်းအလဲလုပ်ဖို့လည်း အဆိုတင်ထားတယ်”လို့ မစ္စတာအနုတင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုကိုကြည့်ရင် ဒီချဥ်းကပ်မှုဟာ လမ်းကြောင်းမှန်ကိုသွားနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပုံလည်းရပါတယ်။ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံဖြစ်ပေါ်လာရေးဟာ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံတစ်နိုင်ငံထဲရဲ့ အကျိုးစီးပွားမဟုတ်ပါဘူး။ အာဆီယံရဲ့ ညီညွတ်ရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးအတွက်လည်း မရှိမဖြစ် အရေးပါပါတယ်။”
မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်နဲ့ လက်ရှိစစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးဟာ “နှစ်လမ်းသွားချဥ်းကပ်မှု” မူဝါဒတစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံ အကြား မပြီးပြတ်သေးတဲ့ ဆွေးနွေးရမယ့် ကိစ္စတွေ ဆွေးနွေးဖို့လည်းပါတယ်လို့ပြောပါတယ်။ နိုင်ငံနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ အွန်လိုင်းငွေလိမ် ဂိုဏ်းပြဿနာတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေပါတယ်လို့ ဆိုပါတယ်။
ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံအလည်အပတ် ခရီးစဥ်မှာ ကော့မြစ် ရေထုညစ်ညမ်းမှုကို မြန်မာဘက်က ပူးပေါင်းဖြေရှင်းပေးဖို့ ဆွေးနွေးမယ်လို့ ထိုင်းဝန်ကြီးချုပ် က ဇူလိုင်လ ၂၂ ရက်နေ့က ပြောထားပါတယ်။ ကော့မြစ်ဟာ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်မှာ မြစ်ဖျားခံပြီး ထိုင်းနိုင်ငံကို ဖြတ်ကာ မဲခေါင် မြစ်ထဲ စီးဝင်တဲ့ မြစ်ငယ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်မှာ ရွှေနဲ့မြေရှား သတ္တု တူးဖော်နေတာတွေကြောင့် မြစ်ထဲကို အာဆင်းနစ်အပါအဝင် ဓာတုဗေဒအဆိပ်အတောက်တွေ စီးဝင်မျောပါနေတဲ့အတွက် ထိုင်းနိုင်ငံမှာ အဓိကပြဿနာတစ်ရပ်အဖြစ် ရှိနေပါတယ်။
ဗိုလ်ချုပ်မှူးကြီး ရာထူးကို စွန့်လွတ်ပြီး သမ္မတအဖြစ် လွှဲပြောင်းရာထူးရယူခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ဇွန်လမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ကို သွားရောက်ခဲ့ပြီး ဇူလိုင်လဆန်းမှာ လာအိုနိုင်ငံ ကို သွားရောက်ခဲ့ပါတယ်။
မြန်မာနဲ့အာဆီယံ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တနင်္ဂနွေနေ့က ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးအပြီး နောက်ရက်မှာ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို အလည်အပတ်ဖိတ်ခေါ်တဲ့သတင်းတွေ ထွက်လာတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး မြန်မာနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အာဆီယံမှာ ဦးဆောင် ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်သလို စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးရအပြီး ပထမဆုံး သမ္မတသစ်ကို ထောက်ခံကြောင်း ချီးကျူးစကားပြောတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့အပြင် ဧပြီလကလည်း နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်ကို စေလွှတ်ပြီး ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
