စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ဟာ အာဆီယံအဖွဲ့ဝင် လာအိုနိုင်ငံကို သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်အဆင့် မြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံနိုင်ငံများအဖွဲ့က ဆက်ပြီး ဖိအားပေးနေချိန်မှာပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အိမ်နီးချင်း လာအိုနိုင်ငံကို အခုလို ခရီးသွားရောက်တာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ မြန်မာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ သမ္မတအဖြစ် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာလည်း ဖြစ်ပါတယ်။ လာနိုသမ္မတရ ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်ပြီး ဇူလိုင် ၃ ရက်ကနေ ၅ ရက်အထိ သုံးရက်တာ ကြာမြင့်မယ်လို့လည်း ဆိုပါတယ်။
ဦးမင်းအောင်လှိုင်နဲ့ လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် (Thongloun Sisoulith) တို့ တွေ့ဆုံချိန်မှာ ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက သတင်းထုတ် ပြန်ပါတယ်။ ဒါ့အပြင် နယ်စပ်တည်ငြိမ်ရေး၊ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တိုက်ဖျက်ရေးအပါအဝင် မဟာဗျူဟာ မြောက် မိတ်ဖက်နိုင်ငံတွေအဖြစ် အဆင့်မြှင်တင် ပူးပေါင်းဆောင်ရွက်မဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံသဘောတူညီချက်တွေအနေနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (Tourism MoU)၊ နေပြည်တော်နဲ့ ဗီယင်ကျန်း မြို့တို့ ညီအမမြို့တော်အဖြစ် တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Sister City MoU) နဲ့ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေအရ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (Strategic Partnership) ကို အဆင့်မြှင့်တင်မယ်လို့ ပြောဆိုပေမဲ့ စီးပွားရေး နဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေ မတွေ့ရဘဲ နိုင်ငံရေးနဲ့ သံတမန်ရေးအရ နှစ်နိုင်ငံနီးကပ်မှုကို အချက်ပြလိုတဲ့သဘောသာ သက်ရောက်တယ် လေ့လာသူတွေက ပြောပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက စစ်တပ်ခန့်အစိုးရကို တစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံလာတာတွေ ရှိပေမဲ့ အာဆီယံတစ်ဖွဲ့လုံးရဲ့ သဘောထားကတော့ မပြောင်းလဲနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီခရီးစဥ်ဟာ အာဆီယံနိုင်ငံတွေထဲမှာ ပထမဆုံးဆိုပေမဲ့ အာဆီယံရဲ့ လက်ရှိစစ်ကော်မရှင် အစိုးရအပေါ်မှာ ထားတဲ့ သဘောထားကတော့ ထားထူးခြားခြား မပြောင်းလဲနိုင်ဘူးလို့ မြင်ပါတယ်။ ဘာလို့လည်းဆိုတော့ လာအိုဟာ အစကတည်းကလည်း အာဆီယံထဲမှာ မြန်မာ့အရေးကို စိတ်ဝင်တစားနဲ့ ပါဝင်ပြောဆိုတဲ့ နိုင်ငံမဟုတ်လို့ပါ။ တစ်နိုင်ငံချင်းထိတွေ့ဆက်ဆံကြတယ်ဆိုစေပါမူ စစ်ကော်မရှင်ဖက်က ဘုံ ၅ ချက်အပေါ် ထူးခြားတုန့် ပြန်ချက်မရှိလာဘူးဆိုရင်လည်း ကျန်အာဆီယံတဖွဲ့လုံးရဲ့ သဘောထားဟာလည်း မပြောင်းလဲနိုင်ဘူးလို့ ထင်ပါတယ်”
အာဆီယံဘုံသဘောတူညီချက်ငါးရပ် ဒီနေ့အထိ အကောင်အထည်ပေါ်မလာတဲ့အတွက် စစ်တပ်ခန့်အစိုးရကို ဖယ်ကျဉ်ထားတာဟာ ထိရောက်မှုမရှိဘူးဆိုတဲ့ ရှုမြင်မှုတွေလည်း အာဆီယံအသိုင်းအဝိုင်းထဲမှာ ဖြစ်ပေါ်နေတာပါ။
အာဆီယံအလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံကတော့ မြန်မာ့အရေးအတွက် ရရှိထားတဲ့ ဘုံသဘောတူညီချက်ငါး ရပ်အောက်ကနေ ဖြေရှင်းဖို့ သန္နိဋ္ဌာန်ချထားကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးအပါအဝင် ဒီဘုံသဘောတူညီချက်တွေကို လိုက်နာအကောင်အထည်ဖော်ဖို့အတွက်လည်း ဇူလိုင်လ ၁ ရက်န့မှာ ထုတ်ပြန်တိုက်တွန်းထားပါတယ်။
