စစ်တပ်က ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဥရောပ၊ ဒေသတွင်းအပြင် နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (Kim Aris) ထံ ပြင်သစ်သမ္မတက ပေးပို့တဲ့ စာမှာ ရေးသားထားတာဖြစ်ပြီး ပြင်သစ်ရဲ့ ရပ်တည်ချက်ကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ်က ဇူလိုင်လ ၉ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကဆင့် ထုတ်ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ပြင်သစ်နိုင်ငံက ထောက်ခံတဲ့အပြင် မိသားစုနဲ့ ဆက်သွယ်ခွင့်၊ ရှေ့နေတွေနဲ့တွေ့ခွင့်၊ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တို့လို အခြေခံအခွင့်အရေးတွေကို လေးစားလိုက်နာဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။
မိခင်ဖြစ်သူနဲ့ အဆက်အသွယ်မရသေးတဲ့ အခြေအနေမှာ ပြင်သစ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ မိသားစုအတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်လာတယ်လို့ ကင်မ်အဲရစ်က လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောပါတယ်။
“ဒီနေ့အထိ ကျွန်တော်တို့မိသားစုဟာ ကျွန်တော့်အမေနဲ့ အဆက်အသွယ် လုံးဝမရသေးပါဘူး။ မေမေ အသက်ရှင်နေသေးလားဆိုတာတောင် မသိရသေးတဲ့ ဒီလိုအချိန်မှာ ပြင်သစ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ လူ့အခွင့်အရေးအပေါ် ခိုင်မာတဲ့ ကတိကဝတ်တွေက ကျွန်တော်တို့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ တောင်းဆိုချက်ကိုလည်း ထောက်ခံကြောင်းနဲ့ မေလ ၂၅ ရက်နေ့က ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူလ် (Anutin Charnvirakul) ပါရီမြို့ကို လာရောက်ချိန်မှာလည်း အဲဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ပြင်သစ်သမ္မတရဲ့ ပေးစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပြီး ဒီလိုပြန်လည်လွတ်မြောက်လာရေးဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအချက်လို့လည်း ပြင်သစ်သမ္မတက ပြောပါတယ်။
စစ်တပ်အသွင်ပြောင်းအစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရတာဖြစ်လို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်မပေးနိုင်ဘူးလို့ ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်အာဏာသိမ်းခေါင်းဆောင်တွေ စွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို အမိန့်ချတဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀ တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်ဖြတ်ထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်ထိ စစ်တပ်အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇူလိုင်လ ၉ ရက်နေ့အထိ စာရင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်း နှစ်သောင်းကျော် (၂၂,၃၇၅ ဦး) ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
