ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင် ထပ်မံတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်မပေးနိုင်ကြောင်း စစ်တပ်ခန့်အစိုးရက ပြောဆိုပြီးနောက် ထပ်တောင်းဆို။

အာဏာသိမ်းစစ်တပ် ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဇူလိုင်လ ၁ ရက်နေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်မပေးနိုင်ကြောင်း ဇွန်လ ၃၀ ရက်နေ့က စစ်တပ်ခန့်အစိုးရရဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီးနောက် အခုလို ထပ်မံတောင်းဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို လွှတ်ပေးဖို့ ထပ်မံတိုက်တွန်းတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဌာန ပြောခွင့်ရသူ ဒက်စ် အင်ပီရီယယ် (Dax Imperial) က ပြောတဲ့အကြောင်း ဖိလစ်ပိုင် အစိုးရသတင်းဌာန PNA က ဖော်ပြပါတယ်။

အဲဒီလိုလုပ်ဆောင်တာဟာ အာဆီယံဘုံသဘောတူညီချက်ငါးရပ်မှာ မျှော်မှန်းထားတဲ့အတိုင်း အဓိပ္ပာယ်ပြည့်၀တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ တက်လှမ်းနိုင်ဖို့ မရှိမဖြစ်လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရတာဖြစ်လို့ တွေ့ခွင့်မပေးနိုင်ကြောင်း စစ်တပ်ခန့်အစိုးရရဲ့ သမ္မတရုံး ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးက ဇွန်လ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (Kim Aris)က တော့ မိခင်ဖြစ်သူကို အကျဉ်းသားအဖြစ် သတ်မှတ်ထားတယ်ဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေအရ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့် ပြုရမှာဖြစ်တယ်လို့ ဇူလိုင်လ ၁ ရက်နေ့မှာပဲ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောဆိုထားပါတယ်။

ငါးနှစ်ကျော်တဲ့အထိ မိခင်ဖြစ်သူကို တယ်လီဖုန်းနဲ့တောင် စကားပြောခွင့်မရသလို လူချင်းတွေ့ခွင့်လည်း တစ်ကြိမ်တစ်ခါမှ မရခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့လည်း တွေ့ဆုံခွင့် ပယ်ချခံထားရတာကြောင့် မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိနေပြီး ကျန်းမာရေးကောင်းတယ်ဆိုရင် ယုံကြည်ရပြီး သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်တွေနဲ့ သက်သေပြဖို့ လိုအပ်ကြောင်းလည်း ကင်မ်အဲရစ်က တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ကျန်းမာရေးကောင်းမွန်ကြောင်း စစ်တပ်ခန့်အစိုးရက ပြောဆိုထားပေမဲ့ စစ်တပ်နဲ့ရဲ ယူနီဖောင်းဝတ် သုံးဦးနဲ့ ထိုင်စကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတစ်ပုံ ထုတ်ပြန်ထားတာကလွဲလို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထောက်အထား တစ်စုံတစ်ရာ ထုတ်ပြတာမျိုးတော့ မရှိသေးပါဘူး။

အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်အာဏာသိမ်းခေါင်းဆောင်တွေ စွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို အမိန့်ချတဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀ တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်ဖြတ်ခံထားရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်ထိ စစ်အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။