စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း နိုင်ငံတကာမှာ တရုတ်ရဲ့ ဦးဆောင်မှုကို အဆင့်မြှင့်တင်နေတဲ့ မူဝါဒဆိုင်ရာ အစီအစဉ်တွေဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံ (GDI) နဲ့ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ (GCI) တို့မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ (MoU) အပါအဝင် အချက် ၁၈ ချက်ကို ဇွန်လ ၁၆ ရက်နေ့မှာ သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါတယ်။ ဒီအချက်တွေထဲမှာ လုံခြုံရေး၊ စီးပွားရေ၊ ကုန်သွယ်ရေးတိုးချဲ့မှု၊ အခြေခံအဆောက်အုံနဲ့ ဖွံ့ဖြိုးရေးစီးမံကိန်းတွေအပြင် ယဉ်ကျေးမှု၊ မီဒီယကဏ္ဍနဲ့ နည်းပညာဖလှယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေလည်းပါဝင်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဒါဟာ စစ်တပ်ခန့်အစိုးရအနေနဲ့ တရုတ်ရဲ့ ဦးဆောင်မှုအောက်ကို လုံးလုံး ဝင်ရောက်လိုက်တဲ့ သဘောလို့ သုံးသပ်ပါတယ်။
“GSI တို့ GDI တို့ GCI နဲ့ နောက် နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပေါ့ အဲဒီလေးခုကတော့ သူသွားရောက်ခြင်းရဲ့ အဓိကအချက်လို့ ပြောရမှာပေါ့။ ဘာလို့တုန်းဆိုတော့ အခု ဒီသမ္မတရဲ့ ခရီးစဉ်မှာ ဒီလေးခုကို အဓိကထိုးခဲ့တာဖြစ်တဲ့အတွက် ဒေသတွင်းမှာဆိုရင် တရုတ်ရဲ့ ဦးဆောင်မှုအောက်ကို လုံးလုံးပါဝင်လိုက်တဲ့သဘော အဲဒီလိုပဲ ပြောရမှာပေါ့”
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ကတော့ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ မြန်မာနဲ့ဆက်ဆံရေးကို အိမ်နီးချင်းနိုင်ငံတွေနဲ့သက်ဆိုင်တဲ့ သံတမန်ရေးမူဝါဒမှာ ဦးစားပေးအဖြစ်သတ်မှတ်ထားကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဟန်ချက်ညီဆောင်ရွက်နေတဲ့ မြန်မာအစိုးရသစ်ကို ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေရှိနေတဲ့ တရုတ်က စစ်တပ်ခန့် အစိုးရအပေါ် ထားရှိတဲ့ရပ်တည်ချက်နဲ့ပတ်သက်လို့ ကမ္ဘာကို ရှင်းရှင်းလင်းလင်း ရပ်တည်ပြလိုက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။
“တရုတ်ကတော့ သူ့ရဲ့ Strategic Interest ဖြစ်တာပေါ့နော် မဟာဗျူဟာမြောက် စိတ်ဝင်စားစရာရှိတဲ့ မြန်မာနိုင်ငံအပေါ်မှာ ဒီလိုမျိုး ရပ်တည်ချက်ကို ပီပီပြင်ပြင် ကမ္ဘာကို ထုတ်ပြလိုက်တဲ့သဘောလို့ နားလည်လို့ရတယ်။ သူ့အနေနဲ့က ကုန်သွယ်မှုပိုင်းဆိုင်ရာ အကျိုးစီးပွားရှိတယ်။ ပြီးတော့ အာရှကနေ အရှေ့အလယ်ပိုင်းအထိ ပိုပြီးတော့ ချိတ်ဆက်နိုင်ဖို့က မြန်မာနိုင်ငံကို ဖြတ်သန်းပြီးတော့ ချိတ်ဆက်ရမယ့်ဟာတွေရှိတယ်။ အဲဒီတော့ ကုန်သွယ်မှုအရ စီးပွားရေးအရ မဟာဗျူဟာမြောက် အကျိုးစီးပွား သက်ဆိုင်မှုရှိတယ် အဲဒါကြောင့်သူ စိတ်ဝင်စားတယ်”
ကီလိုမီတာ ၂၂၀၀ (မိုင် ၁၃၀၀ ခန့်) ရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသနဲ့ မြန်မာနိုင်ငံတွင်း တည်ငြိမ်မှုမရှိဘူးဆိုရင် တရုတ်နိုင်ငံရဲ့ လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် ရာဇတ်ဝတ်မှု၊ တရားမဝင် ကုန်သွယ်ရေးကိစ္စတွေမှာ ထိခိုက်နိုင်သလို တရုတ်နိုင်ငံက ရေရှည်လုပ်ဆောင်ရမဲ့ စီမံကိန်းတွေအတွက်ပါ အရေးကြီးနေတဲ့အတွက် မြန်မာနိုင်ငံတည်ငြိမ်ရေး တရုတ်က လိုလားနေတာလို့လည်း သူကဆိုပါတယ်။
ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ရယူပြီးနောက် မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယခရီးစဉ် သွားရောက်ခဲ့ပြီး လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စီမံကိန်းတွေအကြောင်းဆွေးနွေးခဲ့ပေမဲ့ နာလည်မှုစာချွန်လွှာ၊ သဘောတူစာချုပ် တွေချုပ်ဆိုနိုင်ခြင်းမရှိခဲ့ပါဘူး။ တရုတ်ခရီးစဉ်မှာတော့ နာလည်မှုစာချွန်လွှာနဲ့ သဘောတူစာချုပ် ၁၈ ခုအထိ ချုပ်ဆိုနိုင်ခဲ့ခြင်းဟာ စစ်တပ်ခန့်အစိုးရအနေနဲ့ တရုတ်ကို အိန္ဒိယထက် အလေးပေးဆက်ဆံနေတဲ့သဘောမျိုး မြင်တွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဦးမင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံချိန် တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ GSI, GDI, GCI စတဲ့ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွေကို အပြည့်အ၀ထောက်ခံကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor) တည်ထောင်မှုကို မြှင့်တင်လိုကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံရေးကို အာမခံကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက ဦးမင်းအောင်လှိုင် ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ အခုစီမံကိန်းတွေဟာ တိုင်းပြည်နဲ့ ပြည်သူလုထု အကျိုးစီးပွားရရှိနိုင်ဖို့ အခွင့်အရေး အလွန်နည်းပါးတယ်လို့ သုံးသပ်ပါတယ်။စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေးက ဦးမင်းအောင်လှိုင် ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ အခုစီမံကိန်းတွေဟာ တိုင်းပြည်နဲ့ ပြည်သူလုထု အကျိုးစီးပွားရရှိနိုင်ဖို့ အခွင့်အရေး အလွန်နည်းပါးတယ်လို့ သုံးသပ်ပါတယ်။
“တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးစီးပွားမပါဘဲနဲ့ မိမိအာဏာတည်မြဲရေးနဲ့ မိမိတရားဝင်မှုအတွက် ဘာမဆိုထုတ်ရောင်းမယ်ပေါ့ ဘာမဆိုပေးဆပ်ပြီးတော့ လဲလှယ်ယူတယ်ဆိုတဲ့ အဆင့်အတန်းလောက်ကို ကျရောက်သွားတာပေါ့နော်။ ဆိုတော့ ကြိုက်တဲ့ စီမံချက်ဆွဲ ကြိုက်တဲ့ စီမံကိန်းတွေ လက်မှတ်ရေးထိုး တိုင်းပြည်နဲ့ လူမျိုးအတွက် ရာခိုင်နှုန်းအရမ်းနည်းပြီးတော့ သူတို့ရဲ့ တရားဝင်မှု သူတို့ရဲ့ ဖြစ်တည်မှုသာလျင် ဦးစားပေးဆောင်ရွက်တဲ့ စီမံချက်တွေသာ ဖြစ်ပါလိမ့်မယ်လို့ မှတ်ယူရပါမယ်”
စစ်တပ်ခန့်အစိုးရ လုံခြုံရေးအာမခံတယ်ဆိုပေမဲ့ အမျိုးသားညီညွတ်ရေးစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အဲဒီအဖွဲ့အစည်းတွေရဲ့ သဘောတူညီချက်မပါဘဲ စီမံကိန်းတွေ ဆက်လုပ်ဖို့ ခက်ခဲနိုင်တယ်လို့ သူက ပြောပါတယ်။
အခု သဘောတူညီချက်တွေက ဘယ်လောက်အထိ လက်တွေ့အကောင်အထည်ပေါ်လာမလဲဆိုတာကိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လုံခြုံရေးအခြေအနေတွေပေါ်မှာ မူတည်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
Justice For Myanmar အဖွဲ့ကတော့ တရုတ်နိုင်ငံဟာ မြန်မာစစ်အုပ်စုကို စစ်လက်နက်တွေ ရောင်းပေးတာ၊ မြန်မာ့ သဘော၀ဓာတ်ငွေ့ကို ဝယ်ယူတာ၊ ရေနံစိမ်း သယ်ယူပို့ဆောင်ပေးတာတွေအပြင် အခုလို ဦးမင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ ဆုံခဲ့တာတွေဟာ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေအပေါ် သွယ်၀ိုက်ပါဝင်ပတ်သက်နေတာဖြစ်လို့ ပြင်းထန်စွာရှုံချကြောင်းနဲ့ စစ်အုပ်စုကို အားပေးကူညီနေတာတွေ ရပ်တန့်ဖို့ဆိုပြီး ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
