ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်ပြီးခန့်အပ်ပေးဖို့ တောင်းဆိုပွဲကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့နားမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီတောင်းဆိုပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပါအဝင် အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ မြန်မာနိုင်ငံဖွားတွေ ရာနဲ့ချီပြီးပါဝင်ခဲ့ကြ ပါတယ်။
“ဒီပွဲဟာ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရရေးအတွက်ပြုလုပ်တယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထွန်းကားဖို့ ဘယ်လောက်အားသန်နေတယ်ဆိုတာ ပြသတာလည်းဖြစ်ပါတယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပရိတ်သတ်ကိုပြောတဲ့မိန့်ခွန်းမှာထည့်သွင်း ပြောဆိုပါတယ်။
“ကျွန်မတို့ ကုလသမဂ္ဂရုံးချုပ်အနီးမှာ စုဝေးရောက်ရှိနေကြတာဟာ လူတစ်ဦးတစ်ယောက်အတွက်ရောက်ရှိ နေကြတာမဟုတ်ဘူး။ မြန်မာနိုင်ငံကိုဘယ်သူကကိုယ်စားပြုသင့်သလဲ၊ မြန်မာနိုင်ငံကို ဘယ်သူကကိုယ်စားပြု ခွင့်ရှိသင့်သလဲ ဆိုတာ ကျွန်မတို့သဘောထားတွေကို ထုတ်ဖော်ပြသဖို့ရောက်ရှိနေတာြဖစ်တယ်” လို့လည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တက်ရောက်လာတဲ့ပရိသတ်ကိုပြောပါတယ်။
အခုလိုထောက်ခံပွဲကို အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဖရန်စစ္စကိုမြို့နဲ့ လော့စ်အိန်ဂျလိစ်မြို့တွေမှာလည်း ပြုလုပ်ကြပါတယ်။
အဲဒီအပြင် တောင်ကိုရီးယားနိုင်ငံနဲ့ သြစတြေးလျနိုင်ငံက ဒီမိုကရေစီလိုလားတဲ့ မြန်မာနိုင်ငံဖွားတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံတွေနဲ့ပတ်သက်လို့ ဘယ်သူကိုယ်စားပြုခွင့်ရမလဲဆိုတာနဲ့ပတ်သက်လို့ဆုံးဖြတ်မယ့် ကုလသမဂ္ဂ Credentials Committee လို့ခေါ်တဲ့ စိစစ်ရေးကော်မတီကို ၉ နိုင်ငံနဲ့ဖွဲ့ထားပြီး နိုဝင်ဘာလလောက်မှာ သိရမှာြဖစ်ပါတယ်။
စစ်တပ်ခန့်အစိုးရဘက်ကလည်း သူတို့ကိုယ်စားလှယ်ကို ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ကြိုးစားနေပါတယ်။ တဖက်မှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုပုဒ်မ၊ မတရားအသင်း အက်ဥပဒေပုဒ်မ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မတွေနဲ့ နေပြည်တော်မှာအမှုဖွင့်ထားပြီး တရားခံပြေးအဖြစ်ကြေညာထားသလို အရေးယူဖို့အတွက် အင်တာပိုလ် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ အမေရိကန်ရဲတပ်ဖွဲ့တို့နဲ့ သံတမန်ရေးအရ ချိတ်ဆက်ဆောင် ရွက်နေတယ်လို့ စစ်တပ်ခန်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။
