တံတားဦးလေတပ်စခန်းတိုက်ခိုက်မှုမှာ တိုက်လေယာဉ်နှစ်စင်း ပျက်စီးဟု မြင်းခြံ PDF ထုတ်ပြန်

စစ်ဘက်သုံးတံတားဦးလေတပ်စခန်းကို အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးရည်ရွယ်ချက်နဲ့ ဒရုန်းစစ်ဆင်ရေးဖော်ဆောင်တိုက်ခိုက်။

မန္တလေးတိုင်းက တံတားဦးလေတပ်စခန်းကို အထူးစစ်ဆင်ရေးအနေနဲ့ FPV တိုက်ခိုက်ရေးဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဂျက်တိုက်လေယာဉ် လေးစင်းထိမှန်ခဲ့ပြီး အဲဒီအထဲက နှစ်စင်းပျက်စီးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်းက ရုပ်သံဖိုင်နဲ့အတူ စက်တင်ဘာလ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ အမှတ် (၁၀) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ (MDDS)၊ ရွှေဘိုခရိုင် ကွပ်ကဲရေး (၁) နဲ့ (၂) အပါအဝင် မဟာမိတ်အဖွဲ့တွေက စက်တင်ဘာ ၁၀ ရက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တံတားဦးလေတပ်စခန်းက ဂျက်တိုက်လေယာဉ်တွေဟာ အရပ်သားနေထိုင်ရာနေရာတွေနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကိုပါ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုနေတယ်လို့ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလေတပ်စခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေချိန်မှာပဲ တံတားဦးမြို့နယ် အလယ်ကျေးရွာအနီး ကင်းလှည့်နေတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇) က ဗိုလ်မှူးကြီး မျိုးလှိုင်ဦး ယာယီနည်းဗျူဟာမှူးကြီး မျိုးလှိုင်ဦးနဲ့ အင်အား လေးဆယ်လောက်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တိုက်ပွဲအတွင်း ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း သုံးဦး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲနဲ့ သေဆုံးတဲ့အခြေအနေတွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ နောက်ဆက်တွဲတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာ ဘူးတောင်ကျေးရွာနဲ့ အလယ်ကျေးရွာကြားကို စစ်တပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ဂျိုင်ရိုကော်ပတာတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့လည်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ဘက်သုံး တံတားဦးလေတပ်စခန်းကို အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးရည်ရွယ်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးအတွင်း Yak-130 အမျိုးအစား တိုက်လေယာဉ်တွေ ရပ်နားထားတဲ့နေရာကို တိတိကျကျ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်တပ်ခန့်အစိုးရကတော့ တံတားဦးလေဆိပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကို အတည်ပြုထားပေမဲ့ လူ၊ လေယာဉ်၊ ယာဉ်နဲ့ လေဆိပ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးတာမရှိခဲ့ဘူးလို့ စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်နဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့အဖွဲ့တွေကို RFA က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

တံတားဦးလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို နှစ်ရက်ကြာ ပိတ်ထားတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

Myanmar Airways International (MAI) ကလည်း မန္တလေးလေဆိပ်ကနေ နိုင်ငံတကာကို ပြေးဆွဲနေတဲ့ ခရီးစဉ်အားလုံးကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်တယ်လို့ စက်တင်ဘာ ၁၀ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ခရီးစဉ်ရပ်နားရတာဟာ လုပ်ငန်းဆိုင်ရာလိုအပ်ချက်တွေကြောင့်ဖြစ်တယ်လို့ MAI က ဆိုပြီး ပြည်တွင်းခရီးစဉ်တွေကိုတော့ ပြင်ဦးလွင်အနီး အနီးစခန်းလေဆိပ်ကနေ ပြောင်းလဲပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။