မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာရှိတဲ့ တံတားဦးလေတပ်စခန်းကို စက်တင်ဘာ ၁၀ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ FPV အသေခံဒရုန်း ခြောက်စင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ခန့်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း လေတပ်စခန်းထဲက အဆောက်အအုံနဲ့ စစ်လေယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပေမဲ့ စစ်တပ်ခန့်အစိုးရဘက်ကတော့ ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
လေတပ်လုံခြုံရေးတာဝန်ရှိသူတွေက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဒရုန်းတွေကို အချိန်မီဟန့်တားနိုင်ခဲ့ပြီး ဒရုန်းတွေမှာပါလာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို သက်မဲ့ပြုလုပ်နိုင်ခဲ့တယ်လို့လည်း စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တချို့ ယာယီရပ်နားခဲ့ရပြီး တိုက်ခိုက်သူတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက တိုက်ခိုက်မှုဖြစ်ပြီးနောက် လေကြောင်းခရီးစဉ် လေးခုထက်မနည်း ဖျက်သိမ်းခဲ့ရသလို လေဆိပ်နဲ့ အနီးဝန်းကျင်မှာ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
“အိမ်ကညီမက မန္တလေးကနေ ရန်ကုန်သွားမှာ။ ထွက်သွားပြီး နှစ်နာရီလောက်ကြာတော့ ပြန်လာခေါ်ပါအုန်းဆိုလို့ သွားခေါ်လိုက်ရတယ်။ အရင်ကလို လေယာဉ် Dealy ထင်တာ။ လေဆိပ်ဘေးကပ်ရပ်က လေတပ်စခန်းဘက်မှာ ပေါက်ကွဲသံကြားရပြီး လေကြောင်းခရီးစဉ်တွေ cancel ဖြစ်ကြောင်းကြေညာတယ်လို့ ပြောတယ်။ သွားခေါ်တော့လည်း လေဆိပ်လမ်းတစ်လျှောက်လုံး စစ်ဆေးလိုက်တာမှ အကြာကြီးပဲ အိမ်ကို ၇နာရီကျော်မှ ပြန်ရောက်တယ်”
ဖျက်သိမ်းလိုက်တဲ့ ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အစားထိုးပြေးဆွဲပေးမဲ့ ရက်အတိအကျကို မသိရသေးသလို လေကြောင်းလိုင်းတွေဘက်ကလည်း ဆက်သွယ်လာတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။
တံတားဦးလေတပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်လေယာဉ်တွေနဲ့ လေတပ်စခန်းအနီးတစ်ဝိုက်ကို ကင်းထောက်ပျံသန်းတာတွေ ရှိခဲ့သလို မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲမှာလည်း လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ နွားထိုးကြီးမြို့နယ်ထဲက လေကြောင်းပစ်ခတ်မှုတွေနဲ့ ထိခိုက်မှုအခြေအနေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
