၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းလိုက်လို့ လက်နက်ကိုင်ခုခံတော်လှန်မှုကိုရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ လူအင်အားချိနဲ့နေတာကိုဖြည့်ဖို့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဥပဒေနဲ့ တပ်သားအင်အားစုတဲ့အခါမှာ လူငယ်တွေဟာအဓမ္မဖမ်းဆီးခံရပြီး အရောင်းအဝယ်လုပ်ခံရတဲ့သူတွေဖြစ်လာပါတယ်။
ကိုယ်တိုင်ကြုံတွေ့ရသူတွေ၊ ပါဝင်ပတ်သက်သူတွေနဲ့ မိသားစုဝင်တွကို လျှို့ဝှက်မေးမြန်း စုံစမ်းချက်တွေအရ လူငယ်တွေကိုဖမ်းပြီး ငွေသိန်းပေါင်းများစွာနဲ့ အရောင်းအဝယ်လုပ်နေတဲ့ လုပ်ငန်းကွင်းဆက်ထဲမှာ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေကစလို့၊ မှတ်ပုံတင်လုပ်ပေးရတဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေ၊ ရဲနဲ့ စစ်တပ်အရာရှိတွေပါဝင်ပတ်သက်နေတယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဒါဟာ ခေတ်သစ်ကျွန်စျေးကွက်တစ်ခုဖြစ်တယ်လို့ စစ်တပ်ရဲ့လူသစ်စုဆောင်းမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဝေဖန်ပါတယ်။
“လူကုန်ကူးမှု အရောင်းအဝယ်ပဲ။ ဒါလူကို ကုန်ပစ္စည်းတစ်ခုလိုပဲ အရောင်းအဝယ်လုပ်နေတာ။ သူတို့ အဓမ္မဖမ်းဆီးပြီးတော့မှ သူတို့ငွေကြေးအကျိုးအမြတ်အတွက် ဒီလူတွေကို ကျွန်တစ်ယောက်သဖွယ် အတင်းအဓမ္မဖမ်းဆီးတယ် ။ စစ်ထဲကိုမဝင်ဘူးပြောရင် တစ်ညလုံး ရိုက်နှက်တယ်။ စစ်ထဲဝင်မယ်ဆိုတော့မှ သူတို့ကထိန်းထားတယ်။ ပြီးတော့ လိုအပ်တဲ့နေရာကို ငွေကြေးအဆမတန်နဲ့ အရောင်းအဝယ်လုပ်တယ်။ ဒါခေတ်သစ် လူကုန်ကူးတယ် ခေတ်သစ်ကျွန်အရောင်းအဝယ်လုပ်တဲ့ ပုံစံမျိုးလို့ ကျွန်တော်တို့ ပြောလို့ရနိုင်တယ်”

အတင်းအကြပ်ဖမ်းဆီးခံရသူ၊ ရောင်းစားခံရတဲ့သူတွေရဲ့မိသားစုဝင်တွေ၊ အရောင်းအဝယ်လုပ်တဲ့သူတွေအပါအဝင် လူ ၃၀ ထက်မနည်းကို RFA က စုံစမ်းမေးမြန်းထားပါတယ်။
“ဆင်းရဲသားလူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးရောင်းစားခြင်း”
ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ကိုကောင်း လို့အမည်လွှဲထားတဲ့လူငယ်ဟာ အလုပ် အကိုင်ရှားပါးနေတဲ့အခုခေတ်မှာ ကြုံရာကျပမ်းလိုက်လုပ်ရင်း မိသားစုကိုတဖက်တလမ်းကကူညီနေတဲ့သူပါ။ တနေ့တော့ သူ့ကို မိတ်ဆွေတစ်ယောက်က တစ်ရက်လေးသောင်း (ကျပ်) နဲ့ ဆောက်လုပ်ရေးပစ္စည်းကုန်တင်ကုန်ချအလုပ်ရမယ်ဆိုလို့ လိုက်သွားရာကနေ စစ်မှုထမ်းအတွက်ရောင်းစားခံလိုက်ရပါတယ်။
“မြောက်ဥက္ကလာမှာ ဆောက်လုပ်ရေးပစ္စည်းတွေ ထမ်းတင်ရမယ်။ သုံးလွှာကိုထမ်းတင်ရမယ် တစ်နေ့လေးသောင်းပေးမယ်ဆိုပြီးတော့ လာခေါ်သွားတာ။ ကလေးကလည်း အဖေကြီး သားအလုပ်ရှိရင်လိုက်သွားမယ်ဆိုပြီးတော့ လိုက်သွားတာ။ ပါသွားပြီး ၁၈ ရက်ကြာတော့မှ ဖုန်းအဆက်အသွယ်ရတယ်။ သူတို့ကို ရောင်းစားခံရတာတဲ့၊ ဇရပ်ကွင်းဘက်မှာလိုလို ဘာလိုလို အဲလိုရောင်းစားသွားတာ။ ပဲခူးဘက်မှာရောင်းစားပြီးတော့ ဒီကောင်ဘယ်ရောက်သွားလည်းဆိုတော့ ကျိုင်းတုံကိုရောက်သွားတယ်။ ၈ လပိုင်း ၂ ရက်နေ့ကျတော့ သင်တန်းတက်နေပြီတဲ့ အဲလိုလှမ်းပြောတယ် ”

အလုပ်ရမယ်ဆိုပြီးလာခေါ်တဲ့သူက သူတို့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်ပြီး စစ်တပ်နဲ့ အဆက်အသွယ်ရှိတဲ့သူလို့ ပြောပါတယ်။ အခုတော့ သူတို့သား ကိုကောင်းဟာ အမှတ် (၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှာရောက်နေတာ သိလိုက်ရတယ်လို့ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ၂၀၂၆ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတဲ့သူမရှိပါဘူး။
ကိုကောင်း လိုပဲ စစ်မှုထမ်းဖို့ ကျွန်တစ်ယောက်လို ရောင်းစားခံလိုက်ရတဲ့နောက်တစ်ယောက်က ကိုဇင်ဝင်းပိုင် ပါ။ သူဟာ ၂၀၂၅ ခုနှစ် မတ်လ ၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ အလုပ်ကနေအိမ်ပြန်ဖို့ ကားစောင့်နေတုန်း လူတစ်စုကဝိုင်းဖမ်းတာခံလိုက်ရပါတယ်။ အဲဒီနောက် ငွေကျပ်သိန်း ၁၅၀ နဲ့ စစ်မှုထမ်းဖို့ ရောင်းစားခံလိုက်ရတာလို့ မိသားစုက RFA ကိုပြောပါတယ်။
ကိုဇင်ဝင်းပိုင် ဟာ တပ်မ ၁၁ လက်အောက်ခံ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အင်းတိုင် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ -၂၁၃ ကိုရောက်သွားပြီး ရှေ့တန်းစစ်မြေပြင်ကိုအပို့ခံလိုက်ရတာပါ။ အဲဒီနောက်သူဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က အာရက္ခတပ်တော် (AA) နဲ့ ၂၀၂၆ ခုနှစ် မေလ ၁၈ ရက် တိုက်ပွဲမှာသေဆုံးသွားပါတယ်။
ကိုဇင်ဝင်းပိုင်လိုဘဲ လူတစ်စုဖမ်းတာခံရပြီး ရောင်းစားခံရတဲ့သူက ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်က ကိုအောင်ကိုကို ပါ။ သူက ရွှေလင်ဗန်းစက်မှုဇုံမှာ သံဂဟေဆက်တဲ့အလုပ် သမားဖြစ်ပါတယ်။ မေလ ၃ ရက် ညနေ ၆ နာရီလောက်မှာ အလုပ်ကနေအိမ်အပြန် လမ်းမှာဖမ်းဆီးခံခဲ့ရတာပါ။ အဲ့ဒီနောက် ဧရာ၀တီတိုင်း မြောင်းမြမြို့နယ်အတွက် စစ်မှုထမ်းဖို့ဆိုပြီး သိန်း ၁၂၀ နဲ့ ရောင်းစားခံလိုက်ရတယ်လို့ မိသားစုဝင်တစ်ယောက်က ပြောပြပါတယ်။
စစ်မှုထမ်းသင်တန်းမှာ သတ်မှတ်ထားတဲ့ လူအရေအတွက်ပြည့်အောင် တစ်ရွာဒါမှမဟုတ် တစ်ရပ်ကွက် ဒါမှမဟုတ် တစ်မြို့နယ်ကို လူဘယ်နှစ်ယောက်ပေးရမယ်ဆိုတဲ့ စစ်တပ်ရဲ့ အမိန့်ကြောင့် ဆင်းရဲတဲ့မိသားစုတွေရဲ့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေဟာ ဖမ်းဆီးရောင်းစားခံရတဲ့စျေးကွက်ရဲ့ သားကောင်တွေဖြစ်နေပါတယ်။
ငွေကြေးအတော်အတန်တတ်နိုင်တဲ့ မိသားစုတွေက ကိုယ့်ရဲ့သားစစ်မှုထမ်းထဲမလိုက်ရအောင် တခြားလူငယ်တစ်ယောက်အစားထိုးဖို့ ငွေပေးရတဲ့ဖြစ်ရပ်တွေလည်းရှိနေပါတယ်။ တဖက်မှာလည်း ဆင်းရဲတဲ့လူငယ်တချို့ကမိသားစုအတွက်ငွေလိုတဲ့အတွက် သူတို့ကိုဝယ်တဲ့ငွေယူပြီး စစ်မှုထမ်းထဲလိုက်သွားတဲ့ဖြစ်ရပ်တွေလည်း ရှိနေပါတယ်။
အဲဒီအတွက် စျေးကွက်ပေါက်စျေးအရ လူငယ်တစ်ယောက်ကို ကျပ်သိန်း ၁၀၀ ကနေစပါတယ်။ ကျန်းမာကြံ့ခိုင်ပြီး စစ်မှုထမ်းဖို့ ဆေးစစ်တာအောင်မြင်ပြီးသား လူတစ်ယောက်ဟာ ကျပ်သိန်း ၃၀၀ ဝန်းကျင်အထိစျေးပေါက်တယ်လို့ လူစားထိုးဖို့ဝယ်ဖူးတဲ့သူတွေကပြောပြပါတယ်။

“ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လဝက ပါဝင်ပတ်သက်ခြင်း”
ရခိုင်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ ကိုဇင်ဝင်းပိုင် ဟာ အင်းစိန်မြို့နယ်ကဖြစ်ပေမဲ့ တောင်ဒဂုံမြို့နယ်အတွက် စစ်မှုထမ်းဖို့ရောင်းစားခံရတဲ့အတွက် တောင်ဒဂုံမြို့နယ်မှတ်ပုံတင်အသစ် ကိုင်လိုက်ရပါတယ်။ ထန်းတပင်မြို့နယ်က ကိုအောင်ကိုကိုကလည်း ဧရာဝတီတိုင်း မြောင်းမြမြို့နယ်အတွက် စစ်မှုထမ်းဖို့ရောင်းစားခံရတဲ့အတွက်ကြောင့် မြောင်းမြမြို့နယ် မှတ်ပုံတင်အသစ်ကို ရရှိခဲ့တယ်လို့ မိသားစုဝင်တွေကပြောပြပါတယ်။
ဒီလို လူတစ်ယောက်ကိုလမ်းမှာကြုံသလိုဖမ်းဖို့၊ အဲဒီနောက် ချုပ်နှောင်ထားဖို့၊ ပြီးရင် စစ်မှုထမ်းအတွက် လူလိုနေတဲ့ ဒေသကိုရောင်းဖို့၊ အဲဒီလူငယ်ကို သူနေခဲ့တဲ့အရပ်ဒေသမဟုတ်ပဲ တခြားဒေသကမှတ်ပုံတင်အသစ်ရဖို့၊ ပြီးရင် စစ်မှုထမ်းသင်တန်းကိုပို့ဖို့ဆိုတာ သာမန်ပြည်သူတွေနဲ့တင်လုပ်လို့ရတာမဟုတ်ပါဘူး။
စစ်တပ်ခန့်အစိုးရလက်အောက်ခံ အရာရှိတွေကိုယ်တိုင် နောက်ကွယ်ကနေ တစ်နည်း တစ်ဖုံ ပါဝင်ပတ်သက်နေတယ်လို့ပြောပြကြပါတယ်။ အဲဒီလိုပတ်သက်နေတဲ့သူတွေကတော့ ကျေးရွာ ၊ ရပ်ကွက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးလို့ခေါ်တဲ့ လ၀က တာဝန်ရှိသူတွေ၊ ရဲနဲ့ စစ်တပ်ဆိုတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပြင်သူတို့နဲ့ ပူးပေါင်းနေတဲ့ ဒေသခံလူမိုက်တွေပါ ပါဝင်ပတ်သက်နေတာလေ့လာတွေ့ရှိရပါတယ်။
စစ်အာဏာပိုင်တွေက သူတို့ယုံကြည်ရတဲ့လူပွဲစားတစ်ယောက်ကို ကြားခံထားပြီး လူအရောင်းအဝယ်ကိစ္စတွေ ကို ထိန်းချုပ်ထားတယ်လို့ မန္တလေးတိုင်းထဲက အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပြပါတယ်။
“တပ်ကနေပြီးတော့ မသင်္ကာတဲ့လူကို ဖမ်းထားတာမျိုးတို့ ပြစ်မှုသမားတွေဘာတွေပေါ့၊ အဲ့လိုမျိုးလူတွေကို သူတို့စည်းရုံးပြီးသားပေါ့။ အဲဒီလိုမျိုးလေးတွေကို သူ့ဆီ (ပွဲစားဆီ) ကိုပေးလိုက်တယ်။ တပ်ကပေးလိုက်တာ။ သူက (ပွဲစားက) တဆင့် အုပ်ချုပ်ရေးမှူးဆီပြန်ပေးတယ်။ ဆွဲလို့ပါထားတဲ့လူဆိုတော့ သိန်း ၄၀ ၊ ၅၀ လောက်နဲ့ရတယ်။ နောက်ပြီးကျတော့ သူ (ပွဲစား) ကပြောင်းစရာရှိတာပြောင်း၊ စည်းရုံးစရာရှိတာစည်းရုံး၊ ပြီးတော့ သိန်း ၁၅၀၊ ၁၃၀ အဲလောက်ပတ်ပတ်လည်နဲ့ ရောင်းတယ်ပေါ့”
သူကိုယ်တိုင်လည်း သူ့ရွာအတွက် စစ်မှုထမ်းလူစားထိုးဖို့ ပွဲစားဆီမှာ သုံးလတစ်ကြိမ် လူဝယ်နေရတယ်လို့ပြောပါတယ်။ တကယ်လို့လူဝယ်တဲ့အခါ အဲ့ဒီလူဟာ တခြားမြို့နယ်ကဖြစ်နေရင် လဝကအရာရှိတွေက မှတ်ပုံတင်အသစ်ချက်ချင်းထုတ်ပေးတယ်လို့ သူက ပြောပါတယ်။ အဲဒီအတွက် လဝကအရာရှိတွေဟာ လူပွဲစားတွေဆီကနေ အခကြေးငွေရပါတယ်။
ဖမ်းဆီးတာတွေကို စစ်တပ်နဲ့ ရဲကတိုက်ရိုက်လုပ်တာရှိသလို စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေကလုပ်ဆောင်ပါတယ်။ ဘယ်သူတွေကပဲ ဖမ်းဆီးဖမ်းဆီး အဆုံးသတ်မှာတော့ စစ်တပ်ထဲကိုပဲစစ်မှုထမ်းတပ်သားအဖြစ် ရောက်ရှိသွားကြပါတယ်။
တကယ်လို့ ပေါ်တာဆွဲခံရပြီး စစ်မှုဖမ်းအတွက်ရောင်းစားမခံချင်ရင် မိသားစုက သိန်းရာနဲ့ချီပေးပြီး ပြန်ရွေးထုတ်ရတဲ့ဖြစ်ရပ်တွေလည်းရှိပါတယ်။
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်က လူငယ်တစ်ဦး ပြီးခဲ့တဲ့လပိုင်းက ပေါ်တာဆွဲခံရပြီးနောက် ပြန်လွတ်မြောက်ဖို့ ငွေကျပ်သိန်း ၂၀၀ ပေးခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ့်အသက်ကို ပိုက်ဆံနဲ့ပြန်ပြီးတော့ဝယ်ရတာကြီးကကျတော့ တော်တော် ခံပြင်းစရာ ကောင်းတယ်။ ဒီနိုင်ငံမှာနေရတဲ့အခါမှာ တစ်ယောက်ယောက်ဆီကနေ ကိုယ်ဟာ မတရားမှုကို ခံနေရတယ် ဆိုရင်တောင်မှ ကိုယ့်မှာအားကိုးရာတစ်ခုအနေနဲ့ ဘယ်သူ့ကိုမှအားကိုးလို့မရဘူး။ နိုင်ငံတော်အကြီးအကဲဖြစ်စေ အစိုးရဖြစ်စေ ဒီဥပဒေဘက်တော်သားတွေပဲဖြစ်ပါစေ ဒါကြီးကို သူတို့ကိုယ်တိုင်ကိုယ်က ပေါ်တင်ကြီးပေါ့နော် လက်နက်ရှိတယ်ဆိုတဲ့အနေနဲ့ သူတို့လုပ်နေတဲ့အရာဆိုတော့ ခံပြင်းတာပဲရှိတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုတော့အားကိုးလို့ရတယ်၊ ဘယ်လိုမျိုးတိုင်မယ်၊ ဘယ်လိုမျိုးကိုတော့ ဥပဒေအရအရေးယူလို့ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ လုံး၀မရှိတော့ဘူး”
တချို့ဆိုရင် ငွေနဲ့ပြန်ရွေးပေမယ့် လူပြန်မရပဲ စစ်မှုထမ်းသင်တန်းအပို့ခံလိုက်ရလို့ လူလည်းဆုံး ငွေလည်းဆုံးရတဲ့ ဖြစ်ရပ်တွေလည်းရှိနေပါတယ်။ ဒီဖြစ်ရပ်တွေဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်မှု အားကောင်းတဲ့နယ်မြေတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာပါ။
“ကိုယ်ကျိုးစီးပွားအတွက် ဥပဒေကို အလွဲသုံးစားလုပ်ခြင်း”
ဒီလုပ်ရပ်တွေဟာ စစ်မှုထမ်းဥပဒေကိုအသုံးချပြီး အကျိုးစီးပွားရှာနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီဥပဒေကိုအသုံးချပြီးတော့မှ စီးပွားရေးအကျိုးအမြတ်အနေနဲ့ ဆောင်ရွက်နေကြတယ်လို့ ကျနော် ကတော့ ဒီအတိုင်းပဲမြင်တယ်။ စစ်ရေး၊ စစ်ရာ ကိစ္စမဟုတ်ဘဲနဲ့ ဒါမျိုးကိုအတင်းအဓမ္မလုပ်နေရင် ဒါဥပဒေနဲ့အညီမဟုတ်ဘူး စစ်မှုထမ်းဥပဒေမှာလည်း အဲဒီလိုလည်းမပါဘူး။ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေက ဒီဥပဒေကို အလွဲသုံးစားပြုပြီး ဒီလိုလုပ်နေတယ်ဆိုရင်လည်း တပ်မတော်အကြီးအကဲများက ဖော်ထုတ်ပြီး တကယ်ကို ပြင်းပြင်းထန်ထန်အရေးယူရမယ့်ကိစ္စလို့ ကျနော်ကတော့ဒီအတိုင်းပဲ မြင်တယ်ဗျ”
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင် လှိုင်ရဲ့ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
လက်ရှိပေါ်ပေါက်နေတဲ့ လွှတ်တော်တွေမှာတော့ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။
“စစ်အရာရှိတွေကိုယ်တိုင်ပါနေလို့ ရဲအရေးမယူနိုင်ခြင်း”
ဒီကိစ္စတွေမှာ စစ်တပ်အရာရှိတွေပတ်သက်နေတဲ့အတွက် ရဲတပ်ဖွဲ့က အရေးယူလို့မရခဲ့ဘူးလို့ ၂၀၂၅ နှစ်ကုန် ပိုင်းအထိ ရန်ကုန်မြို့မှာ ဒုရဲအုပ်တာဝန်ထမ်းဆောင်ခဲ့ပြီး အဲနောက် ပြည်သူ့ဘက်ခိုလှုံခဲ့တဲ့ ကိုအောင်ကိုလင်းဟန် ကRFAကို ပြောပါတယ်။
“ဗိုလ်ကြီးအငြိမ်းစားတို့ နောက် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ တပ်မတော်ကလူတွေကပဲ ဒီလို လူမိုက်တွေလို့ပြောရမလား လက်ကိုင်တုတ်ပေါ့ဗျာ ပြောရမယ်ဆိုရင်တော့ ။ သူတို့တွေကပေါင်းပြီးတော့ပေါ့ဗျာ လုပ်ကြတယ်။ ငွေနဲ့ ပြန်ရွေးရတယ်ဆိုတာလည်းမှန်တယ်။ ပိုက်ဆံတတ်နိုင်ရင်တော့ တတ်နိုင်သလိုပြန်ရတာပေါ့ဗျာ။ ပိုက်ဆံမတတ်နိုင်ဘူးဆိုရင်တော့ပါသွားတယ်ပေါ့။ အဲ့ဒီလူတွေကို(ကျူးလွန်တဲ့လူတွေ) ကျွန်တော်တို့ ဖမ်းမိ တာတွေလည်းပဲရှိတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်အဖွဲ့အစည်းထဲကလူတွေကျတော့ ကျွန်တော်တို့ကအရေးယူလို့မရဘူး”
၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်ကစခဲ့တဲ့ စစ်မှုထမ်းဥပဒေကြောင့် နှစ်နှစ်ကျော်အတွင်း လစဉ် ထောင်နဲ့ချီတဲ့ လူငယ် တွေဟာ ကိုယ့်စိတ်ဆန္ဒအရမဟုတ်ပဲ နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၈ နေရာကို စေလွှတ်ခံနေရပါ တယ်။ အခုဆိုရင် စစ်သင်တန်းအပတ်စဉ် (၂၈) ခုအထိ ခေါ်ယူထားပြီးပြီဖြစ်ပါတယ်။ အပတ်စဥ်တစ်ခုကို လူ ငါးထောင်လောက်ခေါ်ဖို့သတ်မှတ်ထားလို့ စစ်တပ်က တပ်သားအင်အား တစ်သိန်းသုံးသောင်းကျော် ရှိနေပြီလို့ MDSI က ခန့်မှန်းထားပါတယ်။
အဲဒီလူငယ်တစ်သိန်းသုံးသောင်းကျော်မှာ ဘယ်နှစ်ယောက်က အရောင်းအဝယ်လုပ်ခံထားရလည်းဆိုတာ တိတိကျကျသိဖို့ အခုလိုအချိန်မှာ ခက်ခဲနေဆဲဖြစ်ပါတယ်။

“မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ လူတွေကိုပြန်ပေးဆွဲမှု ဒါမှမဟုတ် ဖမ်းဆီးထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့ပြီး အဲဒီလူတွေဘယ်ရောက်နေတယ်၊ ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို အသိမပေးခဲ့ပါဘူး။ သူတို့ရဲ့မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတွေဟာ မသေချာမရေရာမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ရေရှည်နေထိုင်ကြရပါတယ်။ ယန္တရားက အတင်းအဓမ္မသတင်းအစအနဖျောက်မှုတွေနဲ့ ပတ်သက်တဲ့သတင်းပေးပို့ချက်တွေကို စုံစမ်းစစ်ဆေးနေပါတယ်။ နိုင်ငံတကာဥပဒေအရ အတင်းအဓမ္မ သတင်းအစအနဖျောက်မှုကို အရပ်သားပြည်သူတွေ အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဒါမှမဟုတ် စနစ်တကျ ပစ်မှတ်ထားတဲ့ပုံစံနဲ့ ကျူးလွန်တယ်ဆိုရင်၊ ဒါဟာ လူသား မျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်ပါတယ်” လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးမှုယန္တရား IIMM က သြဂုတ်လ ၂၉ ရက်နေ့မှာရေးသားထားပါတယ်။

“လူအရောင်းအဝယ်ကို အရေးယူမယ်ဆိုသော်လည်း”
စစ်မှုထမ်းအတွက်လူဖမ်းပြီး ရောင်းဝယ်တာတွေနဲ့ပတ်သက်လို့ လူမှောင်ခိုဂိုဏ်းကြီးလိုဖြစ်နေတယ်လို့ မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုထွေးက တိုင်းလွှတ်တော် မှာ ဩဂုတ်လ ၄ ရက်နေ့ကဝေဖန်ပြောဆိုခဲ့ပါတယ်။
နေပြည်တော်က ပြည်သူ့လွှတ်တော်မှာလည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ မေးကြတဲ့အခါ၊ စစ်တပ်ခန့်အစိုးရရဲ့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက၊ သူတို့ဟာ စစ်မှုထမ်းနဲ့ပတ်သက်လို့ စနစ်တကျလုပ်ဆောင်နေတဲ့အကြောင်းနဲ့ ဥပဒေကျော်လွန်ပြီး လုပ်ဆောင်တာတွေရှိရင်လည်း အရေးယူမယ်လို့ ဇူလိုင်လအတွင်းက ဖြေဆိုခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ပြောခွင့်ရသူ ဦးလှသိန်းကို RFA ကမေးကြည့်တဲ့အခါ ကျူးလွန်တဲ့သူတွေကို တိတိကျကျအရေးယူမယ်ဆိုရင် ဒီဖြစ်ရပ်တွေပပျောက်မယ်လို့ ပြောပါတယ်။
“အဲဒါမျိုးတွေကိုလည်း action (အရေးယူ) ရမယ့် တာဝန်ရှိတဲ့သူတွေကလည်း အက်ရှင်ယူသွားမယ်ဆိုရင် တော့ တဖြည်းဖြည်းခြင်းနဲ့ ဒီဥစ္စာပပျောက်သွားလေ့မယ်လို့ ဒီလိုပဲယူဆပါတယ်။ တိတိကျကျ အထောက် အထားတွေနဲ့ တိုင်ကြားမယ်ဆိုရင်တော့ သတင်းစာမှာလည်းပါပြီးသားပါ။ မှန်ကန်တယ်ဆိုရင်တော့ သူတို့ အရေးယူမှာပေါ့”။
