ILO အစည်းအဝေး ပြန်တက်ခွင့်ရရေး စစ်တပ်ခန့်အစိုးရ တောင်းဆို

ILO အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ရ၊ မရကို အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ပေးနိုင်တာ မဟုတ်ဟုဆို။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အစည်းအဝေးတွေမှာ မြန်မာစစ်တပ်ခန့်အစိုးရ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ ပြန်တက်ရောက်နိုင်ရေး အာဆီယံနိုင်ငံတွေက အပြည့်အဝထောက်ခံပေးဖို့ စစ်တပ်ခန့်အစိုးရက တောင်းဆိုထားပါတယ်။

စစ်တပ်ခန့်အစိုးရရဲ့ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ဩဂုတ် ၂၆ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးအတွင်း ILO ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံစဉ် အခုလိုတောင်းဆိုခဲ့တာလို့ အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံအပေါ် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ Article 33 အရ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့ ILO၊ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကနေ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ရေး ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ILO အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ရ၊ မရကို အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ပေးနိုင်တာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေ အတွင်းရေးမှူးနဲ့ ILO အုပ်ချုပ်မှုအဖွဲ့ဝင် မဖြိုးစန္ဒာစိုးက RFA ကို ပြောပါတယ်။

“ILO ရဲ့ယန္တရားကို စစ်ကောင်စီက သိပုံမရဘူး။ ILO ကို ကိုယ်စားလှယ်လွှတ်တယ်ဆိုတာ သူတို့လွှတ်ချင်သလို လွှတ်လို့ရတဲ့နေရာ မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်းတွေနဲ့ စံနှုန်းတွေရှိတယ်။ အလုပ်ရှင်ကိုယ်စားလှယ်ကို အပြည်ပြည်ဆိုင်ရာအလုပ်ရှင်များအဖွဲ့က ဆုံးဖြတ်ပြီး အလုပ်သမားကိုယ်စားလှယ်ကိုလည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်က ဆုံးဖြတ်မှာဖြစ်တယ်။ ဒါကြောင့် အာဆီယံနိုင်ငံတွေက ဆုံးဖြတ်ပေးလို့မရဘူး။ ILO မှာလည်း ဆုံးဖြတ်ချက်ရှိထားပြီးသားပါ။ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံအစိုးရအဖြစ် အသိအမှတ်ပြုထားတာ မရှိပါဘူး”

မြန်မာနိုင်ငံရဲ့ ILO ကိုယ်စားပြုမှုကိစ္စ မဖြေရှင်းနိုင်သေးတာကြောင့် ၂၀၂၆ ဇွန်လ ILO ညီလာခံမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်တစ်ဦးကိုမျှ အသိအမှတ်ပြုထားတာ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာအလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေထဲက မြန်မာအလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေကို သတ်မှတ်ပြီး သူတို့ကိုယ်စား ပါဝင်ပြောဆိုခွင့်ပေးထားပါတယ်။

လက်ရှိမှာ စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုတာကြောင့် အစိုးရကိုယ်စားလှယ်နေရာ လစ်လပ်နေပြီး စစ်တပ်ခန့်အစိုးရက သူတို့ထောက်ခံတဲ့ အလုပ်သမားကိုယ်စားလှယ်တွေ ILO အစည်းအဝေးတွေမှာ ပါဝင်ခွင့်ရရေး ကြိုးပမ်းနေတာလို့ မဖြိုးစန္ဒာစိုးက ပြောပါတယ်။

တစ်ဖက်မှာ ILO မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry – CoI) က အလုပ်သမားသမဂ္ဂဝင်တွေအပေါ် အကြမ်းဖက်၊ ဖမ်းဆီးမှုတွေ ရပ်ဖို့၊ သမဂ္ဂလွတ်လပ်ခွင့် ပြန်ပေးဖို့နဲ့ အဓမ္မခိုင်းစေမှု၊ အတင်းအကျပ် စစ်သားစုဆောင်းမှုတွေ ရပ်ဖို့ တိုက်တွန်းထားပါတယ်။

အဲဒီတိုက်တွန်းချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ စစ်တပ်ခန့် အစိုးရရဲ့ အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက စက်တင်ဘာ ၉ ရက်နေ့ အစည်းအဝေးမှာ ပြောထားပါတယ်။

(CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ ILO အုပ်ချုပ်မှုအဖွဲ့ဝင် မဖြိုးစန္ဒာစိုးကတော့ အဲဒီတိုက်တွန်းချက်တွေကို စစ်တပ်ခန့်အစိုးရက လိုက်နာမှုရှိ၊ မရှိဆိုတာ ကျူးလွန်သူတွေက ဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်ဘဲ နစ်နာခဲ့တဲ့ အလုပ်သမားတွေနဲ့ ပြည်သူတွေက ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇွန် ၅ ရက်မှာ ILO ညီလာခံက အဓမ္မခိုင်းစေမှုနဲ့ လွတ်လပ်စွာအသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ တိုက်တွန်းချက်တွေကို မြန်မာနိုင်ငံက အပြည့်အဝ အကောင်အထည် မဖော်ခဲ့တာကြောင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ Article 33 အရ အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။