ချင်းပြည်နယ်မှာ ငါးနှစ်ကျော်အတွင်း စစ်ရေးပဋိပက္ခတွေနဲ့ ဆက်နွှယ်ပြီး လူပေါင်း ၁,၃၄၄ ဦး သေဆုံးခဲ့တယ်လို့ Institute of Chin Affairs (ICA) က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ သေဆုံးသူ ၁,၃၄၄ ဦးထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၇၀၀ နဲ့ အရပ်သား ၆၄၄ ဦး ပါဝင်ပါတယ်။
ဒါဟာ စုစုပေါင်းသေဆုံးသူတွေရဲ့ ၅၂ ရာခိုင်နှုန်းခန့်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး အရပ်သားက ၄၈ ရာခိုင်နှုန်းခန့် ရှိတာပါ။
သေဆုံးတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထဲမှာ တိုက်ပွဲအတွင်း သေဆုံးသူ ၄၅၈ ဦးနဲ့ အများဆုံး ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၉ ဦးနဲ့ တခြားအကြောင်းရင်းတွေကြောင့် ၃၇ ဦး သေဆုံးခဲ့တယ်လို့ ICA ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒီလိုအသက်ဆုံးရှုံးရတာတွေအတွက် အာဏာသိမ်းသူတွေမှာ အဓိကတာဝန်ရှိတယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက RFA ကို ပြောပါတယ်။
“ချင်းပြည်နယ်လို နေရာမှာတောင် လူ ၁၃၀၀ ကျော်အထိ သေဆုံးသွားရပြီ။ တော်လှန်ရေးသမားဖြစ်ဖြစ်၊ အရပ်သားဖြစ်ဖြစ် အသက်တွေပေးလိုက်ရတာအတွက် အာဏာလုတဲ့သူတွေမှာ အဓိကတာဝန်ရှိတယ်ပေါ့ဗျာ”
အရပ်သားသေဆုံးသူ ၆၄၄ ဦးထဲမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀၆ ဦးနဲ့ အများဆုံးဖြစ်ပြီး အရပ်သားသေဆုံးမှုအားလုံးရဲ့ ၄၇ ရာခိုင်နှုန်းခန့် ရှိပါတယ်။
ဒါ့အပြင် မတရားသတ်ဖြတ်ခံရသူ ၁၇၈ ဦး၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၅၈ ဦး၊ ဖမ်းဆီးခံရ၊ အဓမ္မပြုကျင့်ခံရပြီးနောက် သတ်ဖြတ်ခံရသူ ၄၀ ဦး၊ လိုအပ်တဲ့ ဆေးဝါးတွေ မရရှိတာကြောင့် သေဆုံးသူ ၁၇ ဦးနဲ့ တခြားအကြောင်းရင်းတွေကြောင့် သေဆုံးသူ ၄၅ ဦး ရှိတယ်လို့ ICA က ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၄၈၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ အရပ်သား ၃၀၆ ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၇၆ ဦး ပါဝင်ပါတယ်။
ICA ရဲ့ မှတ်တမ်းအရ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၁,၂၂၆ ဦးရှိပြီး လူနေအိမ်နဲ့ အဆောက်အအုံ ၂,၃၂၁ လုံး၊ အစိုးရအဆောက်အအုံ ၁၀၈ လုံးနဲ့ ဘာသာရေးအဆောက်အအုံ ၇၇ လုံး ပျက်စီးခဲ့ပါတယ်။
အသက်အရွယ်အလိုက်ကြည့်ရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း သေဆုံးသူ ၅၇၅ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ အသက် ၃၆ နှစ်နဲ့အထက် ၁၆၈ ဦး၊ အသက် ၁၁ နှစ်ကနေ ၁၇ နှစ်အတွင်း ၅၆ ဦးနဲ့ အသက် ၁၀ နှစ်အောက် ၄၅ ဦး ပါဝင်ပါတယ်။ သေဆုံးသူ ၅၀၀ ဦးရဲ့ အသက်အရွယ်ကိုတော့ မသိရသေးပါဘူး။
ကျား၊ မအလိုက်ဆိုရင် အမျိုးသား ၁,၁၆၀ ဦးနဲ့ အမျိုးသမီး ၁၈၄ ဦး ဖြစ်ပါတယ်။
ICA ကတော့ ဒီစာရင်းဟာ သူတို့ လက်လှမ်းမီသလောက် စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်တာကြောင့် လက်တွေ့မှာ အမှန်တကယ်သေဆုံးမှုအားလုံးကို အပြည့်အဝ ကိုယ်စားပြုနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်တပ်ခန့်အစိုးရရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေဆိုတာ မရှိပါဘူး။
