မြန်မာစစ်တပ်ကို ဒရုန်းဆွေးနွေးပွဲ မဖိတ်ဖို့ ARF ကို JFM တိုက်တွန်း

ဒရုန်းနည်းပညာ၊ လုံခြုံရေးဆိုင်ရာ အသိပညာနဲ့ အချက်အလက်တွေ မြန်မာစစ်တပ်ထံ မရည်ရွယ်ဘဲ ရောက်ရှိသွားနိုင်ဟုဆို။

အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ် ဒရုန်း (UAS) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနဲ့ လှုပ်ရှားမှုတွေမှာ မြန်မာစစ်တပ်ကို ပါဝင်ခွင့်မပြုဖို့ Justice For Myanmar (JFM) က စက်တင်ဘာ ၁၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ဒရုန်းနည်းပညာ၊ လုံခြုံရေးဆိုင်ရာ အသိပညာနဲ့ အချက်အလက်တွေ မြန်မာစစ်တပ်ထံ မရည်ရွယ်ဘဲ ရောက်ရှိသွားနိုင်ပြီး အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေမှာ အသုံးချနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ JFM က ဆိုပါတယ်။

ARF က မြန်မာစစ်တပ်ကို အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ဖိတ်ကြားဖို့ရှိနေတယ်လို့ အစီအစဉ်ကို သိရှိထားတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး JFM က ဖော်ပြထားပါတယ်။

စစ်တပ်က ဒရုန်းတွေ အသုံးပြုပြီး အရပ်သားတွေကို တိုက်ခိုက်နေချိန်မှာ ဒီဆွေးနွေးပွဲမှာ စစ်တပ်ကို ပါဝင်ခွင့်ပေးတာ လက်ခံနိုင်စရာမရှိဘူးလို့ JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

“တရားမဝင် စစ်အုပ်စုက မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေချိန်မှာ သူတို့ကို ဒရုန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပါဝင်တက်ရောက်စေတာကတော့ စက်ဆုပ်ဖွယ်ရာ ဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ ပူးတွဲစီစဉ်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ပါဝင်မှုကို ပိတ်ပင်ပြီး ၎င်းတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အထောက်အကူပြုစေမယ့် အသိပညာ၊ နည်းပညာနဲ့ နည်းဗျူဟာတွေကို စစ်အုပ်စု လက်လှမ်းမီ ရယူသုံးစွဲနိုင်ခြင်း မရှိစေရေး သေချာလုပ်ဆောင်ရမှာ ဖြစ်ပါတယ်”

ဒီအလုပ်ရုံဆွေးနွေးပွဲကို အမေရိကန်က အဆိုပြုခဲ့တာဖြစ်ပြီး ဩစတြေးလျ၊ စင်ကာပူနဲ့ အမေရိကန်တို့က ပူးတွဲဦးဆောင်ဖို့ရှိပါတယ်။ ၂၀၂၆ ဒါမှမဟုတ် ၂၀၂၇ ခုနှစ်အတွင်း ARF ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ JFM က ဆိုပါတယ်။ ရက်အတိအကျကိုတော့ မကြေညာရသေးပါဘူး။

JFM ရဲ့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒီဆွေးနွေးပွဲမှာ မူဝါဒချမှတ်ရေးနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ အရပ်ဘက်လေကြောင်း အာဏာပိုင်တွေ၊ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာကျွမ်းကျင်သူတွေ ပါဝင်ဖို့ ရည်ရွယ်ထားတယ်လို့ JFM က ဆိုပါတယ်။

လူသုံးနဲ့ စက်မှုလုပ်ငန်းသုံး ဒရုန်းတွေကို အကြမ်းဖက်လုပ်ရပ်တွေအတွက် ရယူအသုံးပြုလာနိုင်တဲ့ အန္တရာယ်နဲ့ အလွယ်တကူရရှိနိုင်တဲ့ ဒရုန်းနည်းပညာတွေ နယ်စပ်ဖြတ်ကျော် စီးဆင်းတာကို ဘယ်လိုတားဆီးမလဲဆိုတာတွေ ဆွေးနွေးဖို့လည်း ရည်ရွယ်ထားပါတယ်။

Armed Conflict Location & Event Data (ACLED) ရဲ့ အခုနှစ် ဇူလိုင် ၁ ရက်နေ့ထုတ် အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ၂၀၂၅ ခုနှစ် မေလအထိ စစ်တပ်ဟာ နေရာပေါင်း အနည်းဆုံး ၃၄၀ မှာ ဒရုန်းအသုံးပြုတိုက်ခိုက်မှု အကြိမ် ၅၇၀ ကျော် ပြုလုပ်ခဲ့ပြီး လူအနည်းဆုံး ၁၉၁ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အရပ်သား အနည်းဆုံး ၁၅၈ ဦး ပါဝင်တယ်လို့ ACLED က ဖော်ပြထားပါတယ်။

ACLED ဟာ ကမ္ဘာတစ်ဝန်း နိုင်ငံရေးအကြမ်းဖက်မှု၊ ပဋိပက္ခနဲ့ ဆန္ဒပြမှုဆိုင်ရာ ဖြစ်ရပ်တွေကို စုဆောင်း၊ စိစစ်ပြီး သုံးသပ်မှတ်တမ်းတင်နေတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။