ဆောမြို့နယ်မှာ တိုက်ပွဲတွေကြောင့် လယ်ဧက တစ်ထောင်ကျော် မစိုက်ပျိုးနိုင်

လယ်သမားတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေရတာ လေးလလောက် ရှိပါပြီ။

မကွေးတိုင်း၊ ဆောမြို့နယ်မှာ လနဲ့ချီကြာလာတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၅ ရွာလောက်က လယ်သမားမိသားစုတွေ နေရပ်စွန့်ခွာနေရပြီး လယ်မစိုက်နိုင်တော့ဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

RFA က စုံစမ်းထားတဲ့ စာရင်းတွေအရ အဲဒီဒေသမှာ လယ်ဧက ၁,၃၃၇ ဧကရှိပြီး လယ်သမား ၁,၂၄၇ ဦးရှိပါတယ်။ တိုက်ပွဲတွေကြောင့် လယ်မြေတွေကို သွားစိုက်ပျိုးလို့ မရသလို စစ်တပ်ကလည်း ရေသွင်းခွင့် မပြုတာကြောင့် ဒီနှစ် မိုးစပါး မစိုက်နိုင်ဘူးလို့ လယ်သမားတွေက ပြောပါတယ်။

စစ်တပ်က အဲဒီဒေသကို ကုန်စည်စီးဆင်းမှုတွေပိတ်ဆို့ထားတဲ့အတွက်ကြောင့်လည်း စားသောက်ကုန်၊ ဆေးဝါး ပြတ်လတ်ပြီး ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတာကိုလည်း ရင်ဆိုင်နေရပါတယ်။

ဆောမြို့နယ်၊ ကျောက်ထုမြို့အနီးက လယ်မြေတွေဟာ တိုက်ပွဲဧရိယာထဲ ရောက်နေတာကြောင့် စိုက်ပျိုးလို့မရဘဲ ပစ်ထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

“ဆောမြောက်ပိုင်း ကျောက်ထုအနီးနားမှာ ကိုယ်ထူကိုယ်ထနဲ့ လုပ်ထားတဲ့ ဧက ၁ ထောင် ကျော်လောက်ရှိတဲ့ လယ်မြေတွေဟာ စစ်ပွဲဧရိယာထဲ ရောက်နေတော့ စစ်တပ်က အဲဒီ ရေမြောင်းတွေကို ရေသွင်းခွင့် မပြုဘူး။ ဒီနှစ် ဧက ၁ ထောင်ကျော် လုံးဝ မိုးစပါး စိုက်လို့ မရဘူး။ ရေသွင်းခွင့်မရဘူး၊ စိုက်ပျိုးခွင့်မရ အဲလို ဖြစ်နေတယ်။”

ချင်းပြည်နယ် မင်းတပ်ကို ဦးတည်နေတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ ဆောနဲ့ ကျောက်ထုဝန်းကျင်မှာ လှုပ်ရှားနေတာကြောင့်လည်း ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘူးလို့ ပြောကြပါတယ်။

လက်ရှိမှာ လယ်သမားတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေရတာ လေးလလောက် ရှိပါပြီ။ မနှစ်က စိုက်ပျိုးရရှိထားတဲ့ ဆန်စပါးတွေကိုပဲ အဓိက အားထားစားသောက်နေရတယ်လို့ အမည်မဖော်လိုတဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်က စိုက်ထားတဲ့ ဆန်လေးနဲ့ပဲ စားဝတ်နေရေး ဖြေရှင်းနေရတယ်ဗျ။ လာမယ့်နှစ်ကျတော့ ဒီဟာ တွေ မစိုက်ရဘူးဆိုတော့ ဖြေရှင်းဖို့ကခက်ခဲမှာပေါ့။ အခက်အခဲကတော့ အခုလိုပဲ ဒီတောထဲမှာ မိုးနဲ့လေနဲ့ကြားထဲမှာပဲ နေထိုင်နေကြရတယ်။ ကျန်းမာရေး ချို့တဲ့ တဲ့ သူကလည်း ချို့တဲ့လို့”

ဒီလိုအခြေအနေတွေကြောင့် မိသားစုလိုက် ထွက်ပြေးနေရသလို စားဝတ်နေရေးအတွက်ပါ အခက်အခဲတွေ ကြုံနေရတယ်လို့ တောင့်ထက်ရွာက လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာနားလေးမှာ စစ်ကြောင်းတွေက ရှိနေတော့ စိုက်ပျိုးလို့ မရတဲ့အခါကျတော့ စားဝတ်နေရေးအခက်အခဲက ရှိလာတာပေါ့။ စစ်ကြောင်းကလည်း ဘယ်အချိန် ခွာသွားမလဲဆိုတာ မသိရတော့ လယ်ယာ ပြန်လုပ်ဖို့ဆိုတာတော့ စဉ်းစားလို့ မရအောင် ဖြစ်နေတာပေါ့ဗျ။”

သူပိုင်ဆိုင်တဲ့ လယ် သုံးဧကခွဲမှာ မိုးတွင်းစပါးစိုက်ပြီး ဆောင်းတွင်းမှာ ကြက်သွန်ဖြူ၊ နေကြာနဲ့ မြေပဲ စိုက်ပျိုးခဲ့တာပါ။ လက်ရှိမှာတော့ သူတို့မိသားစုအပါအဝင် တောင့်ထက်ရွာက အိမ်ထောင်စု ၁၂၀ လောက် နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့က ထီးလင်း၊ ဆောနဲ့ ချင်းပြည်နယ်အစပ်မှာ စစ်တပ်နဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရွာပေါင်း ၃၀ လောက်က ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မေလကတည်းက ဆောမြို့နယ်ထဲကို စစ်တပ်က အင်အား ရာနဲ့ချီပါတဲ့ စစ်ကြောင်းတွေ ဝင်ရောက်လာပြီး ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ရှိနေတာဖြစ်ပါတယ်။