မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဩဂုတ်လ ၁၈ ရက်နေ့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရွာပေါင်း ၃၀ လောက်က လူပေါင်း သောင်းနဲ့ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်တပ်က ဆောမြို့နားကို လေကြောင်းကနေ ၁၂ ကြိမ် တိုက်ခိုက်ခဲ့တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ထီးလင်း၊ ဆောနယ်စပ်၊ ချင်းပြည်နယ် နယ်စပ် အဲဘက်မှာလည်း တိုက်ပွဲ ဒီနေ့(ဩဂုတ် ၁၈ ရက်) တော်တော် ပြင်းထန်ပါတယ်။ လေကြောင်းတွေကနေ လာပစ်တယ်။ ပြည်သူတွေ အများကြီး ရှောင်ရှားနေရပါတယ်။ ပြေးနေရတဲ့ရွာတွေကတော့ အများကြီးပေါ့ဗျာ။ ရွာပေါင်း ၃၀ လောက် ရှိမယ်။ တစ်မြို့နယ်လုံး ပြေးနေရတာဗျာ။”
ဆောမြို့နယ်မြောက်ပိုင်းက ၁၅ ရွာခန့်၊ ကျောက်ထုမြို့အနီးက ၆ ရွာ၊ လောင်းရှည် နဲ့ ဆောမြို့ကြားက ၆ ရွာခန့်က ဒေသခံတွေ ထွက်ပြေးနေရတာလို့ ပြောပါတယ်။
ထီးလင်း၊ ဆောနဲ့ ချင်းပြည်နယ် အစပ်ကို စစ်တပ်က အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းတွေဖြန့်ခွဲပြီး လှည့်ပတ်နေတာကြောင့်လည်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးနေတဲ့ အင်အား ၃၀၀ ခန့်လည်း ပြန်ဆုတ်လာတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဆောမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆောမြို့နယ်ကို ကုန်စည်စီးဆင်းမှုတွေ ပိတ်ဆို့ထားတာကြောင့် အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါး ပြတ်လတ်နေပြီး အဲဒီဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက တစ်စုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
