ကမ္ဘောဒီးယား အစိုးရအနေနဲ့ မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို နိုင်ငံရေးအရ အသိအမှတ်ပြုတဲ့ တရားဝင်မှုကို မပေးဘဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ရဲ့ ဖမ်းဆီးမိန့်နဲ့ တရားရုံးကို လွဲပြောင်းပေးဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့က စက်တင်ဘာ ၉ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းအပြီး ပျက်စီးယုတ်လျော့သွားခဲ့တဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်ကောင်းမွန်ပြီး တရားဝင်အသိအမှတ်ပြုအဆင့်ပြန်ရောက်လာဖို့ ကြိုးပမ်းမှုအနေနဲ့ ဦးမင်းအောင်လှိုင်ဟာ အာဆီယံဒေသတွင်း လေးနိုင်ငံမြောက်ခရီးစဉ်အဖြစ် စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ ၂၀၂၄ နိုဝင်ဘာလက ICC တရားရုံးရဲ့ ပဏာပကြားနာမှု အတွက် တရားခံအဖြစ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဒါ့ကြောင့် ICC စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ကမ္ဘောဒီးယားအနေနဲ့ စစ်ခေါင်းဆောင်ဟောင်းကို ကောဇောနီခင်းပြီး နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုတာမလုပ်ဘဲ ICC အမိန့် လိုက်နာပြီး ဖမ်းဆီးသင့်တယ်လို့ Fortify Rights အဖွဲ့ပြောခွင့်ရသူ ဝင်းတာဘာရီ (Winter Berry) က ကြေညာချက်မှာ ပြောကြားထားပါတယ်။
ဒီလိုပြောကြားချက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရဲ့တောင်းဆိုချက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ဦးမင်းအောင်လှိုင်ဟာ ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန် (Hun Sen) နဲ့ တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခွန်းဆူဒါရီ (Khuon Sudary) တို့နဲ့လည်း တွေ့ဆုံမယ်လို့ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယား ဆက်ဆံရေး ပိုမိုခိုင်မာဖို့၊ နှစ်နိုင်ငံအစိုးရနဲ့ လွှတ်တော်တွေကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ကိစ္စတွေ အဓိကဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။
ကမ္ဘောဒီးယားခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ၈ ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာတော့ လေးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။
