မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးချိန် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဒေသခံ ၁၂ ဦးရဲ့ ရုပ်ကြွင်းတွေကို သုံးနှစ်ကျော်အကြာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေနဲ့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က RFA ကို ပြောပါတယ်။
တောထဲမှာ မှိုရှာသွားတဲ့ ဒေသခံတစ်ဦးက စတွေ့ခဲ့တာဖြစ်ပြီး မြေကျင်း ၂ ကျင်းထဲမှာ အရိုးစုတွေနဲ့အတူ ကြိုး၊ အဝတ်အစားနဲ့ ကိုယ်ရေးအထောက်အထားတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီရုပ်ကြွင်းတွေနဲ့အတူ တွေ့ရှိခဲ့တဲ့ မှတ်ပုံတင်၊ ကျောင်းသားကတ်၊ မွေးစာရင်းစာရွက် စတဲ့ ကိုယ်ရေးအထောက်အထားတွေကို စစ်ဆေးခဲ့ရာမှာ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ စစ်တပ်စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တာကို အတည်ပြုနိုင်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာတော့ မိသားစုဝင်တွေကိုယ်တိုင် အတည်ပြုပေးခဲ့တာလို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ခံ ဆရာထွေးက ပြောပါတယ်။
“ဒီနေ့ သက်ဆိုင်ရာ မိသားစုဝင်တွေကို ခေါ်ပြတဲ့အခါ ‘ဒါက သူ့ညီဖြစ်ပါတယ်၊ ဒါကတော့ သူ့အဖေ ဝတ်သွားတဲ့အင်္ကျီဖြစ်ပါတယ်၊ ဒါကတော့ သူ့မောင်လေးရဲ့အင်္ကျီဖြစ်တယ်’ ဆိုတာတွေကို မိသားစုဝင်တွေက အတည်ပြုပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က ဒီအလောင်းတွေဟာ ဂွေးကုန်းက ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရတဲ့သူတွေဖြစ်တယ်ဆိုတာ ချွင်းချက်မရှိ အတည်ပြုလိုက်ပါတယ်”
အတည်ပြုချက်တွေအရ သတ်ဖြတ်ခံရသူ ၁၂ ဦးထဲမှာ ဂွေးကုန်းရွာက ကိုးဦး၊ သံချောင်း၊ မကျီးကုန်းနဲ့ မကျည်းကန်ရွာတွေက တစ်ဦးစီ ပါဝင်ပါတယ်။
ဂွေးကုန်းရွာက အသက် ၁၅ နှစ်အရွယ် မောင်သော်ဇင်ထိုက်၊ အသက် ၂၆ နှစ်အရွယ် ကိုအောင်ဇင်ဟိန်း၊ အသက် ၃၈ နှစ်အရွယ် ကိုဖြိုးဝေမောင်၊ အသက် ၃၉ နှစ်အရွယ် ကိုအောင်မိုး၊ အသက် ၄၂ နှစ်အရွယ် ဦးမင်းဇော်ဦးနဲ့ ဦးဆန်းလင်းမောင်၊ အသက် ၅၁ နှစ်အရွယ် ဦးကျော်ဌေး၊ အသက် ၅၅ နှစ်အရွယ် ဦးဌေးမြင့် နဲ့ အသက် ၆၁ နှစ်အရွယ် ဦးဩတို့ ပါဝင်ပါတယ်။
သံချောင်းရွာကတော့ အသက် ၂၉ နှစ်အရွယ် ကိုအုန်းလင်း၊ မကျည်းကန်ရွာက အသက် ၃၅ နှစ်အရွယ် ကိုဝင်းဇော်နဲ့ မကျီးကုန်းရွာက အသက် ၄၈ နှစ်အရွယ် ကိုထွန်းသိန်းတို့လည်း ပါဝင်ပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို မေးမြန်းနိုင်ဖို့အတွက်လည်း RFA က ဆက်သွယ်နေပါတယ်။
ဒေသခံတွေ ပြောပြချက်အရ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့ မနက်အစောပိုင်းမှာ မြိုင်မြို့နယ်က အမှတ် (၂) တပ်မတော်အကြီးစားစက်ရုံ (စက်မှု-၂) ဘက်ကနေ Well 2 (ဝဲလ်တူး) ရေနံမြေဘက်ကို စစ်ကြောင်းထွက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းက စက်မှု-၂ နဲ့ Well 2 (ဝဲလ်တူး)ကြားမှာရှိတဲ့ ဂွေးကုန်းရွာရဲ့ အရှေ့ဘက်ကို ရောက်ရှိချိန်မှာ ဒီအရပ်သား ၁၂ ဦး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ-၁၀၁) ကနေ ထွက်လာတဲ့ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီနောက် နှစ်ရက်အကြာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်မှာ ဖမ်းဆီးခံရသူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေကို တွေ့ရှိခဲ့တာလို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ပြောပါတယ်။
အဲဒီမှတ်တမ်းတွေကို ၂၀၂၄ ခုနှစ် ဩဂုတ်လက ဂွေးကုန်းရွာအနီးမှာရှိတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ် (ဒေသအခေါ် ပျူစောထီး) အခြေစိုက်ထားတဲ့ ဝက်ပုတ်ရွာစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ချိန်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေအရ ဒီအရပ်သားတွေ သတ်ဖြတ်ခံရတယ်ဆိုတာကို သိရှိထားပေမယ့် ရုပ်အလောင်းတွေရှိတဲ့နေရာနဲ့ သက်သေအထောက်အထားတွေကို ဆက်ရှာဖွေနေခဲ့တာလို့ တာဝန်ခံ ဆရာထွေးက ပြောပါတယ်။
“ဝက်ပုတ်ဗျူဟာ သိမ်းပြီးတုန်းက သူတို့ဗိုလ်တစ်ယောက် ရေးထားတဲ့ မှတ်စုစာအုပ်အရ ဒီလူတွေအကုန်လုံးကို သတ်ပစ်လိုက်ပြီဆိုတာ သိရတယ်။ အဲဒီကတည်းက ဒီလူတွေ မရှိတော့ဘူး၊ သတ်ပြီးပြီဆိုတာ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့တွေအနေနဲ့ရော အာဏာပိုင်အဖွဲ့အစည်းတွေ အနေနဲ့ရော သိပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဒါကို သက်သေပြနိုင်ဖို့အတွက် ကျွန်တော်တို့က ၂၀၂၄ ခုနှစ်ကနေ ခုချိန်ထိ အဲဒီနားကို ရောက်တိုင်း နေ့စဉ်နဲ့အမျှ ဒီသက်သေတွေကို ရှာခဲ့တယ်ပေါ့ဗျာ”
ဒီသတ်ဖြတ်မှုမှာ ဝက်ပုတ်ရွာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အဲဒီရွာမှာ တပ်စွဲထားတဲ့ စစ်တပ်အရာရှိတွေ တာဝန်ရှိတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်တပ်ခန့်အစိုးရရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးဆန်းညွန့်အောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့နဲ့ အနီးတစ်ဝိုက်ရွာတွေကိုလည်း ၂၀၂၆ ခုနှစ် မေလအတွင်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးချိန် အရပ်သား ၂၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်တစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကိုပြောထားပါတယ်။
