အညာဒူဘိုင်းလို့ တင်စားပြောဆိုနေတဲ့ မြိုင်မြို့နယ်က ရေနံမှော်တွေကို တော်လှန်ရေးအဖွဲ့တွေဆီကနေ ပြန်ရဖို့ စစ်တပ်က ဩဂုတ်လ ၁၀ ရက်နေ့အထိ ဦးတည်စစ်ကြောင်းထိုးနေပါတယ်။
ဒါကြောင့် ၂ လအတွင်း ဒေသခံ အနည်းဆုံး ၂၆ ယောက်သေဆုံးခဲ့သလို လူဦးရေ နှစ်သောင်းလောက် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ရဲ့ ရှေ့ပြေးစစ်ကြောင်းဟာ ကျောက်ခွက် ရေနံမှော်နားကို ရောက်နေတယ်လို့ မြိုင်ဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ကြားတာတော့ မကွေးရေနံမှော်ကို သိမ်းချင်တယ်ပေါ့။ လက်ရှိကတော့ ကျွန်တော်တို့ ပြည်သူတွေက သူတို့ မဝင်နိုင်အောင်တော့ ထိန်းသိမ်းနေတာပေါ့။ ကာနေတာပဲ။ ပြောရလို့ရှိရင် လက်ရှိတော့ သူတို့ တော်တော်လေးလည်း သေပါပြီ။ ရေနံမှော်နဲ့ နီးပါပြီ။ ရေနံမှော်ပတ်ဝန်းကျင်နား ရောက်လာပါပြီ။ မိုင်ကုန်ရှေ့သွားရင် သုံးမိုင်ဆို ရောက်ပါပြီ။ ပေါက်နဲ့ မြိုင်နဲ့ ဟိုဘက်ဒီဘက်ပေါ့။ မြိုင်နယ်ဘက်က မြိုင်နယ် ဘက်၊ ပေါက်နယ်ဘက်က ပေါက်နယ်ဘက် အဲလို နယ်ခြားတွေပေါ့။ အဲဒီဆို အခု ရေနံထွက်တဲ့ နေရာတွေ ရောက်ပြီလေ”
ပုဂံ - ညောင်ဦးက တက်လာတဲ့ ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ ရေနံမှော်ရှိတဲ့ ဆူးဝင်းရွာနားကို ဩဂုတ်လ ၈ ရက် နေ့မှာ ဗုံးကြဲခဲ့တဲ့အတွက်လည်း အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ယောက်နဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ ဩဂုတ်လ ၉ ရက်နေ့မှာ မြိုင်မြို့နယ် မှန်ရင်းရွာဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတယ်လို့ ပြောပါတယ်။
အဲဒီနေ့ နံနက်မှာ မှန်ရင်းရွာနဲ့ ယာကြီးပြင်ရွာ အနီးတစ်ဝိုက်ကို တံတားဦးလေတပ်က ဂျက်ဖိုက်တာတစ်စီး၊ ညောင်ဦးလေဆိပ်က Mi-35 တိုက်ခိုက်ရေးနဲ့ Y-12 ဗုံးကြဲလေယာဉ်တစ်စီးတို့နဲ့ လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၃ ရက်နေ့ကလည်း မြိုင်မြို့နယ် ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင့်ရွာတွေက လူ ၅ ယောက်အသတ်ခံရပြီး၊ ဇူလိုင်လ ၁၈ ရက်နေ့မှာလည်း ကွန်လပ်၊ ဘောတုံ၊ သံချောင်းရွာတွေက ဒေသခံ ၈ ယောက် သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၃ ရက်နေ့မှာ မြိုင်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းဝင်ခဲ့တုန်းက သာစည်ရွာက အမျိုးသား တစ်ယောက်၊ နှမ်းဆီကန်ရွာက အမျိုးသားတစ်ယောက်၊ မိတ္ထီလာရွာက အမျိုးသားနှစ်ယောက်၊ ဝက်ပုတ်ရွာက တစ်ယောက်နဲ့ ကုန်းရွာက တစ်ယောက် စုစုပေါင်း ၆ ယောက်နဲ့ ဇူလိုင်လ ၂ ရက်နေ့မှာတော့ ပေါက်မြို့နယ် ထောက်ရှာပင်ရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ယောက်အပါအဝင် လူ ၅ ယောက် အသတ်ခံလိုက်ရတယ်လို့ ပြောပါတယ်။
ဩဂုတ်လ ၂ ရက်နေ့မှာတော့ ဘောင်ဘင်ရွာမှာ အိမ် ၉၀ နီးပါး၊ ဂျုတ်ကုန်းရွာက အိမ် ၃၄ လုံးနဲ့ သင်းမရွာက အိမ်အလုံး ၄၀ လောက် မီးရှို့ခံရလို့ပျက်စီးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ် ၅၆ လုံးပျက်စီးခဲ့တဲ့ ရွာသစ်ကြီးရွာက ဒေသခံတစ်ဦးကလည်း သူ့အိမ် ဗုံးထိမှန်ပြီး ပျက်စီးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
“စစ်ကြောင်းလာတော့ကျတော့ ကျွန်မတို့က ရှောင်ရတာပေါ့။ အဲဒါကို လေကြောင်းက ပတ်ပြီးတော့ စစ်ရှောင် တဲ့ဘက်တွေလည်း လိုက်ပစ်တာလေ။ အဲမှာ ကျွန်မတို့ ရွာဘက်တွေ လူရိပ်တွေ မြင်တဲ့ဘက်တွေ အကုန်လိုက် ပစ်တော့ အိမ်တွေပေါ်ကျတာပေါ့။ ကျွန်မတို့ အိမ်တွေရောပေါ့။ Y-12 ရော ဖိုက်တာရော ကြဲတော့ အိမ်တွေ ပျက်စီးပြီးတော့ ကျွန်မတို့ အခုတော့ နေလို့မရတော့ဘူးပေါ့”
ဒီအခြေအနေကြောင့် လက်ရှိမှာ စစ်ဘေးဒုက္ခသည် သောင်းနဲ့ချီပြီး အခက်အခဲမျိုးစုံရင်ဆိုင်နေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြိုင်မြို့နယ် ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“စစ်ရှောင် လက်ခံတဲ့ရွာတွေလည်း ချက်မကျွေးရဲတော့ဘူး။ ကိုယ့်စားအိုးနဲ့ ကိုယ်ချက်စားရတာ။ အဆင်ပြေ တဲ့သူပဲ စားနိုင်တာပေါ့ဗျာ။ အခြေခံလူတန်းစားက ရက်ရှည်လာတော့ ချက်စားဖို့က မလွယ်ဘူးပေါ့။ လက်ရှိက တော်တော်လေး အခက်အခဲ ဖြစ်တယ်ဗျ။ စစ်ရှောင်တွေကလည်းများတယ် သောင်းဂဏန်း ရှိတယ်ဗျ။”
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က မြိုင်မြို့နယ် တွင်းမရွာမှာ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က နောက်ထပ် စစ်ကြောင်းနှစ်ကြောင်း ထပ်ဝင်ရောက်လာတာ ကြောင့် ပေါက်နဲ့ မြိုင်ထဲမှာ စစ်ရေးအခြေအနေ တင်းမာခဲ့ပါတယ်။
