မိတ္ထီလာမြို့က အထူးကုဆေးရုံလေးခု ပိတ်သိမ်းခံရ

လက်ရှိဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတဲ့လူနာတွေ၊ ရက်ချိန်းယူထားတဲ့ လူနာတွေနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ မသိရသေး။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က ဇော်၊ သုခထီလာ၊ သရဖူ နဲ့ စိုးမိုး အထူးကုဆေးရုံတွေကို ယာယီပိတ်သိမ်းဖို့ စစ်တပ်ခန့်အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ပေးထားတယ်လို့ ဆေးရုံတွေနဲ့ နီးစပ်သူတွေက အောက်တိုဘာ ၈ ရက်နေ့က RFA ကို ပြောပါတယ်။

ပိတ်သိမ်းဖို့ ခေါ်ယူအမိန့်ပေးတဲ့အထဲမှာပါတဲ့ သရဖူဆေးရုံနဲ့ နီးစပ်သူတစ်ဦးက လာမဲ့အောက်တိုဘာလ ၁၈ ရက်က စပြီး ဆေးရုံလေးရုံစလုံး ပိတ်ရမယ်လို့ ပြောပါတယ်။

“ဇော်၊ သုခထီလာ၊ သရဖူ၊ စိုးမိုး ဆေးရုံလေးခုပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ရက်နေ့က ဆေးရုံပိုင်ရှင်တွေကို ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီးက တစ်ဆင့် ခေါ်ယူပြီးပြောတာပါ။ ဘာကြောင့်ပိတ်တယ်ဆိုတာတော့ မပြောပေမဲ့ လိုင်စင်သက်တမ်းတိုးတာအခုထိ မကျသေးတော့ ထပ်ပြီး လိုအပ်ချက်တွေရှိနေလို့ ယာယီပိတ်သိမ်းခံရတဲ့အခြေအနေလို့တော့ ယူဆတယ်။ ဘယ်လောက်ကြာမလဲတော့မပြောတတ်ဘူး။”

နေ့စဥ် လူနာအများအပြားနဲ့ ဒေသတွင်း ပြည်သူတွေ အားထားနေရတဲ့ ဆေးရုံတွေကို အခုလို ရုတ်တရက် ပိတ် ဖို့ အမိန့်ပေးသလဲဆိုတာ တိတိကျကျမသိရသေးသလို လက်ရှိဆေးရုံတွေမှာ ဆေးကုသမှုခံယူနေသူတွေ၊ ရက်ချိန်းယူထားတဲ့ လူနာတွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ မသိသေးဘူးလို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ နဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာမြတ်၀ဏ္ဏစိုးကို RFA က ဖုန်းခေါ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။ အလားတူ အပိတ်ခံရတဲ့ ဆေးရုံတွေက တာဝန်ရှိသူတွေကို RFA က မေးမြန်းအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မိတ္ထီလာမြို့ခံတစ်ဦးကတော့ ဒါဟာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ချို့ကို ခန့်အပ်ထားလို့ ဖြစ်နိုင်တယ်လို့ RFA ကိုပြောပါတယ်။ ဒါပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက မန္တလေးမြို့က ပန်းလှိုင်ဆေးရုံ အပါအဝင် မင်္ဂလာမျိုးဆက်၊ မြတ်ချယ်ရီ၊ ဇီဝက၊ လန်ဒန်၊ ငြိမ်းချမ်းနဲ့ မြတ်ဝေလျှံ ဆေးရုံ ခုနှစ်ရုံကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းခဲ့ဖူးပြီး ၂၀၂၃ ခုနှစ်က မန္တလေးမင်္ဂလာဆေးရုံကို ပိတ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက မိတ္ထီလာမြို့ မေတ္တာအေးဆေးခန်းဟာ CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း တွေကို ခန့်အပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်သိမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် မန္တလေးမြို့ က မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်း စတဲ့ ပုဂ္ဂလိကဆေးရုံတွေလည်း၂၀၂၂ ဒီဇင်ဘာလအတွင်းက အပိတ် ခံခဲ့ရပါတယ်။