မန္တလေးက ပုဂ္ဂလိကဆေးရုံ ခုနစ်ရုံကို စစ်ကောင်စီ ပိတ်ခိုင်းထားကြောင်း မြို့ခံတွေပြော
2025.02.07

မန္တလေးမြို့က ပန်းလှိုင်ဆေးရုံ အပါအဝင် မင်္ဂလာမျိုးဆက်၊ မြတ်ချယ်ရီ၊ ဇီဝက၊ လန်ဒန်၊ ငြိမ်းချမ်းနဲ့ မြတ်ဝေလျှံ ဆေးရုံတွေကို စစ်ကောင်စီဘက်က ပိတ်သိမ်းခိုင်းထားတာလို့ မန္တလေးမြို့ခံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
မန္တလေးပန်းလှိုင်ဆေးရုံမှာ ဆေးကုသခံယူဖို့ စုံစမ်းခဲ့တဲ့ မန္တလေးဒေသခံတစ်ဦးကလည်း လက်ကျန်လူနာတွေ ရှိနေသေးတာကြောင့် ဒီလကုန်အထိသာ ဖွင့်မဲ့အကြောင်း ဆေးရုံဘက်က အကြောင်းပြန်တယ်လို့ RFA ကို ပြောပါတယ်။
ဆေးရုံတွေကိုပိတ်ခိုင်းတာဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ခန့်မိတာကြောင့်ဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ဦးက RFA ကိုပြောပါတယ်။
"သူတို့တွေမှာဗျာ ကျွန်တော်တို့လို CDM လုပ်ပြီးတော့ CDM လုပ်တဲ့ဆရာဝန်တွေဘာတွေ သူတို့က အလုပ်ခန့်မိလို့ဖြစ်မယ်။ အဲဒီလိုမျိုး ကျွန်တော်ထင်တာပေါ့နော်"
ဆေးရုံတွေပိတ်ခံရတာဟာ CDM ဆရာဝန်တွေကို လက်ခံထားမိတာကြောင့်ဆိုပြီး သတင်းကြားမိတယ်လို့ မန္တလေးမြို့မှာရှိတဲ့ မြို့ခံတွေနဲ့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဆေးရုံတွေကို ပိတ်တာဟာ ပြည်သူတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ဆေးဝါးကုသခွင့်ကို ကန့်သတ်တဲ့သဘောဖြစ်တယ်လို့ Medical Family Mandalay (MFM) အဖွဲ့ဝင် ဆရာဝန်တစ်ဦးက RFA ကို ပြောပါတယ်။
"အခုလိုပိတ်လိုက်တော့ ပြည်သူတွေကတော့ ဆေးဝါးကုသခွင့် သူတို့ဆုံးရှုံးတာပေါ့။ စကစက ဖွင့်ထားတဲ့ Non- CDM တွေနဲ့ လည်ပတ်နေတဲ့ ဆေးရုံတွေမှာလည်း သူတို့ ကျန်းမာရေးစောင့်ရှောက်မှုက ကောင်းကောင်းမွန်မွန် ပေးနိုင်တာ မရှိဘူးလေ။ တချို့ ပြည်သူတော်တော်များများက မတတ်နိုင်တာ၊ တတ်နိုင်တာ အပထား၊ ပြင်ပဆေးခန်းတွေကို မှီခိုအားထားနေရတာတွေ ရှိတယ်။ ပြည်သူတွေကတော့ နည်းနည်း ဒုက္ခရောက်မှာပေါ့ဗျာ"
နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကဆေးရုံတွေကြောင့် ပြည်သူတွေ အခြားနေရာသွားပြီး ဆေးကုသစရာမလိုတာကြောင့် အခုလို ပိတ်ပင်တာဟာ အတော်ဆိုးရွားတယ်လို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျန်းမာရေးအရ စောင့်ရှောက်ရမဲ့နေရာတွေကို စောင့်ရှောက်ခွင့်မရဘဲနဲ့ အများပြည်သူရဲ့ကျန်းမာရေးကို ပိတ်ဆို့တာက ဒါ လူမဆန်တဲ့လုပ်ရပ်လို့ ပြောလို့ရတယ်"
"ဘယ်မြို့ပဲဖြစ်ဖြစ် ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဆေးရုံတံခါးတွေပိတ်တာက အဲဒါ သင်္ချိုင်းတံခါးတွေဖွင့်တာနဲ့ အတူတူပဲ။ ကျန်းမာရေးအရ စောင့်ရှောက်ရမဲ့နေရာတွေကို စောင့်ရှောက်ခွင့်မရဘဲနဲ့ အများပြည်သူရဲ့ကျန်းမာရေးကို ပိတ်ဆို့တာက ဒါ လူမဆန်တဲ့လုပ်ရပ်လို့ ပြောလို့ရတယ်"
ပုဂ္ဂလိကဆေးရုံတွေပိတ်ပေမဲ့ ငွေကြေးမတတ်နိုင်သူတွေက ပြည်သူ့ဆေးရုံကိုပဲ အားထားနေရတာကြောင့် အလွန်အမင်းပြောင်းလဲမှုတော့ မရှိနိုင်ဘူးလို့ မန္တလေးမြို့ခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ကတော့ အမှန်အတိုင်းပြောရရင် အထူးကုဆေးရုံဆိုတာ ပိုက်ဆံရှိတဲ့သူတွေ ကုတဲ့နေရာကိုဗျ။ ကျွန်တော်တို့ လူမှုကူညီရေးအသင်းကျတော့ ဆင်းရဲသားတွေပဲ များသောအားဖြင့် ပို့ရတဲ့အခါကျတော့ ဆေးရုံကြီးပဲ၊ ပြည်သူ့ဆေးရုံကြီးပဲ ကျွန်တော်တို့က ပို့တာလေ"
ဆက်နွှယ်သောသတင်းများ
မန္တလေးမြို့က ပိတ်သိမ်းခံရတဲ့ ပုဂ္ဂလိကဆေးရုံ သုံးခု ပြန်ဖွင့်
ရန်ကုန်မြို့က အောင်ရတနာ ပုဂ္ဂလိကဆေးရုံ ယာယီ ပိတ်
ရန်ကုန်က နာမည်ကြီး ပင်လုံ ပုဂ္ဂလိကဆေးရုံ နှစ်လအပိတ်ခံရ
ဆေးရုံတွေပိတ်သိမ်းခံရတဲ့အပေါ် အတိအကျသိရဖို့ မန္တလေး ပန်းလှိုင်ဆေးရုံကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆေးရုံတာဝန်ရှိသူတွေဘက်က တစ်စုံတစ်ရာ ညွှန်ကြားမှုမရှိသေးသလို ပြောဆိုခွင့်လည်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။
အလားတူ အခြားပိတ်သိမ်းခံရတဲ့ ဆေးရုံအချို့ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီအအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၂ ခုနှစ်ကတည်း CDM ဆရာဝန်နဲ့ သူနာပြုတွေကို အလုပ်ခန့်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ သုံးရုံကို စစ်ကောင်စီဘက်က ပိတ်သိမ်းခဲ့ပါတယ်။