မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၈ လမ်းနဲ့ ၄၂ လမ်းထောင့်က မင်္ဂလာပုဂ္ဂလိက ဆေးရုံကို CDM ကျန်းမာရေးဝန်ထမ်းတွေ အလုပ်လုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီဘက်က ပိတ်သိမ်းဖို့ အကြောင်းကြားခဲ့တယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေက ပြောပါတယ်။
မင်္ဂလာဆေးရုံထံ ဩဂုတ်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီဘက်က အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပြီး အဲဒီ အကြောင်းကြားစာထဲမှာ လာမယ့် ဩဂုတ်လ ၂၅ ရက်နေ့ကစပြီး ပိတ်ထားဖို့ ညွှန်ကြားထားတာလို့ ဆိုပါတယ်။
အပြီးပိတ်ခိုင်းတာမျိုးမဟုတ်ဘဲ သုံးလသာ ယာယီပိတ်သိမ်းခိုင်းတာလို့ ဆေးရုံနဲ့ နီးစပ်သူတွေက ပြောပေမယ့် RFA အနေနဲ့ ဒီအပေါ် သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး မင်္ဂလာဆေးရုံရဲ့ ဧည့်ကြိုဌာန (Reception) ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာ ဆေးရုံယာယီပိတ်သိမ်းဖို့ ပြင်ဆင်နေတယ်ဆိုတာ အတည်ပြုခဲ့ပြီး ပြန်ဖွင့်တဲ့အခါ လူမှုကွန်ရက်စာမျက်နှာကနေ အကြောင်းကြားမယ်လို့ ပြောပါတယ်။
"ကျွန်မတို့ဆေးရုံက ၂၄ ရက်နေ့အထိပဲ လူနာလက်ခံမှာပါ။ ၂၅ ရက်နေ့ကစပြီး ခဏပိတ်ထားပါမယ်။ ဘာကြောင့်ပိတ်တယ်ဆိုတာကတော့ ပြောလို့မရပါဘူး"
ဆေးရုံ ယာယီပိတ်မှာဖြစ်တာကြောင့် လူနာအသစ်တွေကို လက်ခံဆေးကုသတော့မှာ မဟုတ်သလို ဆေးရုံမှာရှိနေတဲ့ လူနာတွေကိုတော့ တခြားဆေးရုံတွေထံ လွှဲပြောင်းကုသဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
CDM ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီနဲ့ ဩဂုတ်လက အဲဒီဆေးရုံမှာ အလုပ်လုပ်နေတဲ့ အထူးကုဆရာဝန်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက်ပိုင်း အခုလို ဆေးရုံယာယီပိတ်သိမ်းဖို့ ဖြစ်လာတာလို့ RFA ကိုပြောပါတယ်။
"ကျွန်တော်ကြားတာက ဒီဆေးရုံက အထူးကုနှစ်ဦးမိတာနဲ့ပတ်သက်ပြီး နောက်ပြန်ရက်စွဲ (Back Date) နဲ့ ခေတ္တပိတ်ခိုင်းတာမျိုးလို့ သိထားပါတယ်။ ပြောရရင် CDM ဝန်ထမ်းတွေ အပြင်မှာ လုံးဝရပ်တည်လို့မရအောင် လုပ်တဲ့သဘောပေါ့။ CDM ဝန်ထမ်းတွေကို အလုပ်ပေးရင် ဆေးရုံတွေ ဒီလိုပိတ်ရမယ်လို့ ခြိမ်းခြောက်နေတာမျိုးပေါ့။ မန္တလေးက မင်္ဂလာဆေးရုံကလည်း ဒီလိုထပ်တူပါပဲ"
မင်္ဂလာဆေးရုံဟာ ဝန်ထမ်းပေါင်း ခုနစ်ရာကျော်နဲ့ လည်ပတ်နေတဲ့ ပုဂ္ဂလိကဆေးရုံကြီး တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန် ဖြေဆိုခြင်းမရှိပါဘူး။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကလည်း မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံတွေဖြစ်တဲ့ နန်းတော်၊ မြို့တော်၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်းဆေးရုံတို့ကို စစ်ကောင်စီဘက်က ဖိအားပေးပြီး ပိတ်သိမ်းခဲ့ပါတယ်။