စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တွေမှာ အောက်တိုဘာလ ၈ ရက်နေ့က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးပြီး သံဃာနှစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ဒီပဲယင်းမြို့နယ် မူးကမ်းရွာထဲကို အောက်တိုဘာလ ၈ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က စက်တပ်လေထီး(ပါရာမော်တာ)နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ချောင်းဦးမြို့နယ် လက်ရက်မရွာအနီးက ပန်းလှတောရဘုန်းကြီးကျောင်းကိုလည်း ဂျက်တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မူးကမ်းရွာတိုက်ခိုက်မှုမှာ နေအိမ်တစ်လုံးပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပါရာမော်တာနဲ့ ဗုံးနှစ်လုံးချခဲ့တာ နေအိမ်ပေါ်တည့်တည့်ကျပြီး ပေါက်ကွဲတာ။ သေဆုံးသူတွေက အရပ်သားတွေချည်းပဲ”
သေဆုံးသူတွေဟာ အသက် ၂၅ နှစ်အရွယ် မမြင့်သူဇာစိုး၊ အသက် ၃၀ အရွယ် မမြတ်သူ၊ အသက် ၄၅ နှစ်အရွယ် ကိုမောင်ဝင်းနဲ့ အသက် ၄၉ နှစ်အရွယ် မထူးတို့ဖြစ်ပါတယ်။
ချောင်းဦးမြို့နယ် လက်ရက်မရွာအနီးက ပန်းလှတောရဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှုမှာတော့ သံဃာနှစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘုန်းကြီးကျောင်းက ချောင်းဦးနယ်ထဲက ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးရင် ဒေသခံတွေ ခိုလှုံတဲ့နေရာပါ။ အခု တိုက်ခိုက်တဲ့အချိန်မှာတော့ စစ်ဘေးရှောင်တွေမရှိပါဘူး”
ဒဏ်ရာရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်တပ်ခန့် အစိုးရရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၆ ခုနှစ် မတ်လကုန်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် စစ်တပ်ဟာ တိုက်လေယာဉ် နှစ်စင်းကနေ ငါးစင်းအထိ အသုံးပြုပြီး ပစ်မှတ်တစ်ခုတည်းကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာတွေ ပိုလုပ်လာတယ်လို့ ကမ္ဘာပေါ်က စစ်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခ၊ နေရာနဲ့ဖြစ်ပွားရာ အချက်အလက်စုဆောင်းရေးအဖွဲ့ (Armed Conflict Location & Event Data - ACLED) အဖွဲ့က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
