AA ဆွေးနွေးပွဲပါလာအောင် အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ဖိအားပေးနေဟု လေ့လာသူတွေဆို

AA ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ အရပ်သားတွေ မပါဝင်ရဲအောင် ဖိအားပေးတာလည်း ဖြစ်နိုင်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စက်တင်ဘာ ၂၈ ရက်နေ့မှာ စစ်တပ်က ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အနည်းဆုံး လူ ၅ဝ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဒီတိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှာ သေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်မှုတွေထဲက တစ်ခုလို့ ထုတ်ပြန်ထားပါတယ်။

AA ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါလာအောင် စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး နည်းလမ်းပေါင်းစုံကနေ ဖိအားပေးနေတာလို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“တစ်ဖက်က သူဖြစ်စေချင်တဲ့ လမ်းကြောင်း ဖော်ထားတယ်။ ပြီးသွားရင် တစ်ဖက်ကနေကျတော့ သူဖြစ်စေချင်တဲ့ လမ်းကြောင်းကို မရောက် ရောက်လာအောင် ပုံစံမျိုးစုံနဲ့ ဖိအားပေးမယ်ပေါ့။ စစ်ရေးအရ ဖိအားပေးတာ ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ဒီနိုင်ငံရေး၊ စီးပွားရေး အရ ဖိအားပေးတဲ့ဟာမျိုး ရှိမယ်။ စစ်တပ်က သုံးတဲ့ ဗျူဟာလို့ ပြောလို့ရမယ်”

ကျောက်တော်တိုက်ခိုက်မှုလို အရပ်သားအစုလိုက် အပြုံလိုက် သေဆုံးစေတဲ့ တိုက်ခိုက်မှုတွေဟာ AA ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ အရပ်သားတွေ မပါဝင်ရဲအောင် ဖိအားပေးတာလည်း ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

စစ်တပ်ခန့်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ ငါးလကျော်အတွင်း AA ထိန်းချုပ်ဒေသတွေမှာ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃၀ ကျော် သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ညှိနှိုင်းရေးမှူး ဒေါက်တာ ဇော်ဝေစိုးက ဗုံးကြဲပြီး ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးကို ဘယ်အဖွဲ့ကမှ လာချင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“တောက်လျှောက် ဗုံးကြဲနေတာ အခုမှပဲ မဟုတ်ဘူး အရင်တုန်းကတည်းက ကြဲတယ်။ အခုဆို ပိုဆိုးလာတာပေါ့ ဒီရက်ပိုင်းတွေမှာ။ ပြည်သူတွေ ရှိနေမှန်း သိရက်နဲ့ ကြဲတာပေါ့။ အဲတော့ ဘယ်သူက တွေ့ချင်မှာလဲ။ AA တစ်ဖွဲ့တည်း မဟုတ်ဘူး ဘယ်အဖွဲ့ဖြစ်ဖြစ် ဒီလိုပဲ ဖြစ်မှာပေါ့"

ဒီလဆန်းကစပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ချင်း၊ မကွေးနဲ့ ဧရာဝတီတိုင်းဘက်ကနေလည်း ရခိုင်ဘက်ကို စစ်တပ်စစ်ကြောင်းတွေ ထိုးလာနေပါတယ်။ AA ထိန်းချုပ်နယ်မြေတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမဲ့ မြေပြင်မှာ လက်နက်ကိုင်တိုက်ခိုက်တာတွေ ဆက်ရှိနေသရွေ့ စစ်ရေးအရ ဆက်ပြီးရင်ဆိုင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ်။ မြေပြင်မှာတော့ စစ်ရေးအရ ဆက်ပြီး ကိုင်ဆွဲထားတဲ့ လူမျိုးတွေကျတော့ စစ်ရေးနဲ့ပဲ ထိပ်တိုက် ရင်ဆိုင်တာမျိုး ဖြစ်မှာပေါ့။ စစ်ရေးသိပ်အားသာနေတဲ့ သူက စစ်ရေးနည်းလမ်းနဲ့ ကြုံတွေ့ရပါလိမ့်မယ်"

ဒီလိုသုံးသပ်ပြောဆိုတာတွေနဲ့ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခ ကို RFA က မေးမြန်းထားပေမဲ့ ဒီသတင်း ထုတ်ပြန်တဲ့အထိ အကြာင်းမပြန်သေးပါဘူး။

ကျောက်တော်မြို့ တိုက်ခိုက်ခံရတဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်သူတွေကို ဖော်ထုတ်ပြီး လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

စစ်တပ်ခန့်အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်နောက်ပိုင်း NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တချို့အပြင် SSPP၊ NDAA နဲ့ UWSA တို့လည်း နေပြည်တော်မှာ သွားရောက်ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

AA နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ MNDAA တို့လည်း စစ်တပ်ခန့်အစိုးရနဲ့ ဆွေးနွေးခဲ့ပေမဲ့ AA ကတော့ လက်ရှိအချိန်အထိ ဆွေးနွေးပွဲတက်ရောက်မယ့် အရိပ်အယောင် မတွေ့ရသေးဘူးလို့ ရခိုင်နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

နှစ်ဖက်ယုံကြည်မှု မရှိဘဲ အဖွဲ့တစ်ဖွဲ့ချင်းစီနဲ့ သီးခြားဆွေးနွေးတဲ့ နည်းလမ်းနဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ မလွယ်ဘူးလို့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ထောက်ပြပါတယ်။

“ငြိမ်းချမ်းရေး ဖြစ်စဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာက ယုံကြည်မှု ရှိဖို့ လိုတယ်။ ဒါပေမဲ့ အရပ်သား ပစ်မှတ်ကို ပစ်ခတ်မှုကတော့ ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ်လို့ မမြင်ဘူး"

ဒီလိုသုံးသပ်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

အာရက္ခတပ်တော် (AA) ရဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့စာရင်းအရ သေဆုံးသူ ၅၀ ဦးထဲမှာ အမျိုးသား ၂၈ ဦးနဲ့ အမျိုးသမီး ၁၂ ဦး ပါဝင်ပါတယ်။ ကျန်သေဆုံးသူတွေရဲ့ ကျား၊ မ အမျိုးအစားကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒဏ်ရာရသူ ၅၇ ဦးရှိပြီး အဲဒီထဲက ၂၂ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုနောက်ပိုင်းမှာလည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်နဲ့ သံတွဲမြို့တွေက စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်တပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ AA က အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားတချို့ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပေမဲ့ သေဆုံး၊ ဒဏ်ရာရသူ အရေအတွက်ကိုတော့ အတိအကျ မထုတ်ပြန်သေးပါဘူး။

အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေသရွေ့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲနေမှာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။