အာဆီယံအဖွဲ့ဝင် လေးနိုင်ငံမြောက် ခရီးစဉ်အဖြစ် ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသွားမည်

ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနက်၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ခွန်းဆူဒါရီတို့နဲ့ တွေ့ဆုံဖို့ရှိ။

သမ္မတရာထူးယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ အာဆီယံဒေသတွင်း လေးနိုင်ငံမြောက်ခရီးစဉ်အဖြစ် စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မယ်လို့ ကမ္ဘောဒီးယားအခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။

ခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန် (Hun Sen) နဲ့ တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ် ဟွန်မာနက် (Hun Manet)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခွန်းဆူဒါရီ (Khuon Sudary) တို့နဲ့လည်း တွေ့ဆုံမယ်လို့ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယား ဆက်ဆံရေး ပိုမိုခိုင်မာဖို့၊ နှစ်နိုင်ငံအစိုးရနဲ့ လွှတ်တော်တွေကြား ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ကိစ္စတွေ အဓိကဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ခန့်အစိုးရဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်းဆက်ဆံရေး တိုးမြှင့်ပြီး တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အသွင်ပြောင်းအစိုးရက အာဆီယံရဲ့ ရပ်တည်ချက် ဘယ်လိုပဲဖြစ်နေဖြစ်နေ အာဆီယံထဲမှာရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံချင်း ဆက်ဆံရေးတိုးမြှင့်ခြင်းအားဖြင့် သူ့ရဲ့ တရားဝင်မှုကို ချဲ့ထွင်တယ်ဆိုတဲ့ ပုံစံမျိုး သူချဉ်းကပ်နေတယ်လို့ နားလည်လို့ရတယ်”

အာဆီယံအသင်းအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက်လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားတာပါ။

စစ်တပ်ခန့်အစိုးရကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကတစ်ဆင့် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီဖြစ်လို့ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထားရှိတဲ့ အခန်းကဏ္ဍဟာ နောင်မှာ မလိုအပ်တော့ကြောင်း၊ အာဆီယံနဲ့ ဆက်ဆံရေးတိုးတက်ဖို့ မြန်မာက ဦးဆောင်တဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့သာ ဆောင်ရွက်မယ်လို့ ဩဂုတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်တပ်ခန့်အစိုးရအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ မြန်မာ့နိုင်ငံရေးအခြေအနေမှာ ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်လာနိုင်မှာမဟုတ်ကြောင်း ဝေဖန်ထားပါတယ်။

ကမ္ဘောဒီးယားခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ၈ ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာတော့ လေးနိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။