မြန်မာစစ်တပ်ခန့်အစိုးရအပေါ် အမေရိကန်မူဝါဒ ပြောင်းလဲလာပြီလား

အခုလို ထိတွေ့ဆက်ဆံတာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း NUG ပြော။

အမေရိကန်အစိုးရရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗင့်စ် ဦးဆောင်တဲ့အဖွဲ့ဟာ စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့က နေပြည်တော်ကိုလာရောက်တဲ့ခရီးစဉ်မှာ စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အောက်တိုဘာ ၈ ရက်နေ့မှာ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ရိုက်တာသတင်းအရ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အဒမ်ကတ်စတီလို လွတ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ဒီခရီးစဉ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးကို အဓိကထား ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုကနေ မြေရှားသတ္တုရရှိရေးအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေအတွက် လမ်းပွင့်လာနိုင်တယ်လို့လည်း ရိုက်တာက ဆိုပါတယ်။

အခုလို ထိတွေ့ဆက်ဆံတာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက်ဖြစ်လို့ NUG အနေနဲ့ နားလည်ထားပြီးသားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဒေးဗစ်ဂွမ်အောင်က ပြောပါတယ်။

“သူတို့အတွက် အရေးကြီးတဲ့ လုံခြုံရေး ကိစ္စတွေမှာ နေပြည်တော်က လူတွေနဲ့ လုပ်စရာရှိတာ လုပ်မယ်ဆိုတာ နားလည်ထားပြီးသားပါ။ ဒါတွေနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲ နိုင်ငံရေးအရ အသိအမှတ်ပြုမှုတွေ အရိပ်အယောင်တွေ ဘာတွေပါလာရင်တော့ ကျွန်တော်တို့အတွက် စိုးရိမ်စရာပေ့ါ။ ဒါပေမဲ့ အခု အားလုံးသိပြီးသားအတိုင်းပဲ မင်းအောင်လှိုင်တို့အပေါ်မှာ အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတာတွေက နောက်ပြန်လှည့်တဲ့အနေအထား မရှိဘူး။”

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျု အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ သမ္မတထရန့်အစိုးရဟာ နိုင်ငံအကျိုးစီးပွားကို ဦးစားပေးတာကြောင့် စစ်တပ်ခန့်အစိုးရနဲ့ ထိတွေ့ဆက်ဆံလာတာ မထူးဆန်းကြောင်း၊ မြေရှားသတ္တုရရှိရေးမှာတော့ လက်နက်ကိုင်ပဋိပက္ခနဲ့ နယ်မြေထိန်းချုပ်မှုတွေက အဟန့်အတားဖြစ်နိုင်ကြောင်း စာနဲ့ ပြန်ဖြေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မြေရှားသတ္တုတူးဖော်မှုတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်တဲ့ ကချင်ပြည်နယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ ရှမ်းပြည်နယ်က ဒေသတချို့မှာ ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက အမေရိကန်ရဲ့ မူဝါဒအပြောင်းအလဲကို အခုလိုသုံးသပ်ပါတယ်။

“အဓိကအားဖြင့်ကတော့ နှစ်ခုပေါ့။ မြေရှားရယ် ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ဆိုတာက အဓိက အမေရိကန်ရဲ့ အကျိုးစီးပွားဖြစ်နေတာပေါ့။ အဲဒီအကျိုးစီးပွားပေါ်မှာမူတည်ပြီးတော့ အမေရိကန်အနေနဲ့ ဆက်ဆံတဲ့အခါ အဲဒီငွေလိမ်လုပ်ငန်းတွေကို ဘယ်လောက်ထိန်းချုပ်နိုင်ပြီလဲ၊ ပြီးတော့ မြေရှားကို သူတို့အနေနဲ့ထုတ်လုပ်နိုင်ဖို့ ဒါမှမဟုတ် အမေရိကကိုရနိုင်ဖို့ ဘယ်လောက်အထိ စီစဉ်ဆောင်ရွက်နိုင်လဲ ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ ဆက်ဆံရေးက အပြောင်းအလဲရှိသွားနိုင်တဲ့သဘောလို့ နားလည်လို့ရတယ်”

အမေရိကန်အစိုးရ နှိမ်နင်းဖို့ ကြိုးစားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းအများစုဟာ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေတွေမှာ အခြေစိုက်လှုပ်ရှားနေပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ကူညီပံ့ပိုးပေးနေတာနဲ့ပတ်သက်ပြီး စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေနဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ခေါင်းဆောင်တွေကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူထားပါတယ်။

တစ်ဖက်မှာလည်း ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ရဲ့ ပူးပေါင်းကူညီမှုကို လိုလားတယ်လို့ ဩဂုတ်လ ၂၈ ရက်နေ့က TIME မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

စစ်တပ်ခန့်အစိုးရဟာ အမေရိကန်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ McKeon Group နဲ့ DCI Group တို့ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၆ သန်းတန်ဖိုးရှိတဲ့ စာချုပ်တွေနဲ့ ငှားရမ်းခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။