ပြည်သူ့စစ်မှုထမ်းအတွက်စုဆောင်းတဲ့အခါ အလိုမတူပဲစစ်မှုထမ်းရတဲ့သူတွေဟာ အုပ်ချုပ်ရေးမှူးတွေကို တုန့်ပြန်မယ်ဆိုပြီး ထုတ်ပြောတဲ့သူတွေရှိလာသလို၊ စစ်သင်တန်းကနေ ထွက်ပြေးတာ၊ တော်လှန်ရေးအဖွဲ့တွေဆီ ပူးပေါင်းသွားတာတွေလည်းရှိတယ်လို့ ဒေသခံတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ CDM တပ်ဖွဲ့ဝင်တွေက RFA ကိုပြောပါတယ်။
စုဆောင်းထားတဲ့စာရင်းတွေအရ အပတ်စဥ် ၇ အထိ ဘက်ပြောင်းခိုလှုံလာတဲ့ ပြည်သူ့စစ်မှုထမ်း တစ်ထောင်ကျော်ရှိတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
“အပတ်စဉ် (၁) ကနေ (၇) ကျွန်တော်တို့ အပတ်စဉ် အထိမှာတော့ ဘက်ပြောင်းခိုလှုံတာတွေ၊ ကျွန်တော်တို့ ပြောင်းလှည့်ပြီးခါမှ လုပ်လာခဲ့တာတွေများတယ်။ ပြီးရင် ကျွန်တော်တို့ အခုနောက်ပိုင်းမှာ တော်တော်လေးတွေ့လာရတယ်ပေါ့နော်။ ဒီအုပ်ကြီးတွေကို ပြန်သတ်မယ်။ လက်စားချေမယ်ဆိုတဲ့အနေအထားမျိုးတွေ”
ဖမ်းပြီးစစ်ထဲအပို့ခံရလို့ အုပ်ချုပ်ရေးမှူးကိုလက်စားချေမယ့်အကြောင်း ပြည်သူ့စစ်မှုထမ်းတွေကိုယ်တိုင်ပြောနေတဲ့ ရုပ်သံဖိုင်တွေကိုလည်း အွန်လိုင်းလူမှုမီဒီယာမှာအခုလိုတွေ့ရပါတယ်။
“လူငယ်တွေကိုမြင်ရင် သူတို့အိတ်ကပ်ထဲကပိုက်ဆံပဲ။ ရွာတွေမှာ စစ်မှုထမ်းကြေးတွေ ကောက်တယ်။ စစ်မှုထမ်းပါသွားတဲ့ကောင်ကို ဖမ်းထည့်တယ်။ ပိုက်ဆံတပြားမှမရဘူး။ ခံစားထားရတာနော်။ ကျွန်တော်ရွာကို ပြန်တယ်။ ရှာတာရှာလို့မတွေ့ဘူး။ အုပ်ကြီး သတိထားနေတော့နော်။ မင်းငါ့ကို ဖမ်းထည့်လိုက်တာ မင်းတို့အဖွဲ့။ ဒီဗီဒီယိုမြင်တဲ့သူ ကျွန်တော့်ကို ရှဲပေးပါ၊ ကော်ပီယူပါ။ လုပ်ပေးတဲ့သူတစ်ယောက်တိုင်းကိုလည်း ကျေးဇူးတင်ပါတယ်”
“ကျွန်တော် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြန်လို့ရတဲ့နေ့ အဲဒီကောင်တွေကို ဂလဲ့စားချေမှာနော်။ ကျွန်တော့် သူငယ်ချင်းသွားလိမ့်မယ်။ တွေ့မယ် တွေ့မယ် တွေ့မယ် လုပ်ထားတဲ့ကောင်၊ ၂ နှစ်ပြီးတဲ့အခါကျရင်တော့ ဥက္ကဋ္ဌရေတွေ့မယ်”
ဒီအတောအတွင်းမှာပဲ စစ်မှုထမ်းအပတ်စဉ် ၂ အတွက်အဓမ္မအဖမ်းခံရပြီး စစ်မှုထမ်းခဲ့ရလို့ မကြေနပ်တဲ့ အသက် ၃၀ အရွယ်လူငယ်တစ်ယောက်က ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်ထဲမှာပဲ မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်က လက်ဘက်ရည်ဆိုင်မှာ ရာအိမ်မှူးကို ဓားနဲ့ထိုးပြီး အဖမ်းခံလိုက်တဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။
“စစ်မှုထမ်းဆိုပြီး ပါသွားတာပေါ့။ ပါသွားတာကို မတရားသဖြင့်လုပ်တယ်ဆိုပြီး သူပြန်ရောက်တဲ့အချိန်မှာ အဲဒီ အုပ်ကြီးရှိတဲ့နေရာ လက်ဘက်ရည်ဆိုင်ကိုဝင်တယ်။ ဓားနဲ့ထိုးတယ်လို့ပြောတာပဲ။ ၈၂ လမ်းနဲ့ မြောက်တန်းလေးနားမှာဖြစ်တာ။ အထိုးခံရတဲ့ကောင် အုပ်ကြီးကဆေးရုံရောက်တယ်။ သူ့ကိုတော့ အမှတ် (၈) ရဲစခန်းက တခါထဲလာဖမ်းတယ်လို့ ပြောတယ်”
မန္တလေးမြို့ခံတစ်ယောက်ပြောပြတာပါ။
စစ်မှုမထမ်းချင်လို့ထွက်ပြေးလာတဲ့သူတွေလည်းရှိတယ်လို့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက RFA ကိုပြောပါတယ်။
“စစ်မှုမထမ်းချင်လို့ ဆိုပြီးတော့ပေါ့နော် မြို့ထဲကနေလာတဲ့သူတွေလည်း အများကြီးရှိတယ်ဗျ။ ပြီးတော့ ရန်သူဘက်ကနေ ဘက်ပြောင်းလာသူတွေလည်း အများကြီးရှိတယ်။ ပြီးရင် ကျွန်တော်တို့ကတော့ အကုန် လုံးကို လက်ခံကြိုဆိုပေးတယ်ပေါ့နော်။ တကယ်လို့ ရန်သူဘက်ကနေပြီးတော့ ကျွန်တော်တို့ ထွက်ပြေးချင် ပါတယ်ဆိုပြီးတော့ ဆက်သွယ်လာတဲ့ဟာတွေလည်း ရှိတယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့က အခြေအနေပေါ် မူတည်ပြီးတော့ ခေါ်ထုတ်ပေးတာတွေရှိတယ်။ တချို့ဆိုလည်း လက်နက်တွေပါ ယူလာတဲ့ဟာတွေလည်း ရှိတာပေါ့နော်”
စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေကြီးစိုးထားတဲ့ရွာတွေမှာတော့ စစ်မှုထမ် းအတွက်ခေါ်တာမရှိပဲ မြို့ပေါ်မှာပဲရှိတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါ်ပြီးစောင့်ရှောက်ထားတယ်လို့ တာဝန်ရှိတဲ့သူတစ်ယောက်က ပြောပါတယ်။
“စစ်မှုထမ်းစုဆောင်းတာတော့ မြို့တွေမှာပဲရှိတယ်။ နယ်ရွာတွေကတော့ တစ်ရွာမှ သူတို့မဆင်းရဲဘူးလေ။ မြို့ပေါ်မှာစုဆောင်းတယ်။ မြို့ပေါ်မှာစုဆောင်းတာကို ဟိုတစ်နေ့က ထွက်ပြေးလာတဲ့ ကလေး ၁၂ ယောက်ကို ကျွန်တော်တို့ဒီဘက်က ပကဖ က ကောင်းကောင်းမွန်မွန်ဗျာ စောင့်ရှောက်ထားတာရှိတယ်။ သူတို့ သင်တန်းတွေဘာတွေ မဆင်းရသေးဘူး”
ဒီ ၂ နှစ်အတွင်းမှာ စစ်တပ်ဘက်ကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူ လေးထောင်ဝန်းကျင် (၃၈၇၄ ဦး) နဲ့ စစ်တပ်ကို စွန့်ခွာထွက်ပြေးတဲ့သူ အယောက် နှစ်သောင်းလောက်ရှိပြီး အများစုကပြည်သူ့စစ်မှုထမ်းတွေဖြစ်တယ်လို့ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်တပ်ခန့်အစိုးရဘက်ကတော့ ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်လို့ ဥပဒေမဲ့လုပ်ရပ်တွေရှိရင်တိုင်ကြားနိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ နေ့တိုင်းဖော်ပြနေတာတွေ့ရပေမယ့် စစ်တပ်ကနေထွက်ပြေးကြတဲ့အကြောင်းတွေတော့ မတွေ့ရပါဘူး။
------------------------
