အရင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ရဲ့ အထူးကိုယ်စားလှယ် ပန်ပရီး ဘဟိန္ဒနုကာယ (Parnpree Bahiddha-Nukara) က ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့ နီးနီးကပ်ကပ် နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းမွန်လာရေး နဲ့ လုံခြုံရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာ အတူပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်း ပြောကြားလိုက်ပါတယ်။
ဧပြီ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ အခုလို ပြောကြားထား တာဖြစ်ပြီး ထိုင်း ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးအကြံပေး အဖွဲ့ ခေါင်းဆောင် မစ္စတာပန်ပရီးဟာ ဧပြီလ ၁၀ ရက်နေ့က နေပြည်တော် သမ္မတကျမ်းကျိန်ဆိုပွဲကို ထိုင်းအစိုးရ အထူးကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြီး စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ သမ္မတသစ်ဖြစ်လာသူ ဦးမင်းအောင်လှိုင်နဲ့ သီးသန့် လူချင်းတွေ့ဆုံ နှုတ်ဆက်ခဲ့သူဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ထိုင်းဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဆီက ဝမ်းမြောက် ကြောင်း ချီးမွမ်းဂုဏ်ပြုစကားကို ဦးမင်းအောင်လှိုင်ကို တဆင့် ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံ အနေနဲ့ နှစ်ပေါင်းများစွာ ဆက်ဆံရေးထူထောင်ခဲ့တာကိုလည်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ အကြား တည်ငြိမ်အေးချမ်းရေးနဲ့ အတူတကွကြွယ်ဝချမ်းသာရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ဖို့ ထိုင်းအစိုးရ မူဝါဒကိုလည်း ထပ်လောင်းအတည်ပြု ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်ပြီး ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲအပြီး တက်လာတဲ့ မြန်မာအစိုးရသစ်နဲ့ ဆက်ဆံရေး ပြင်ဆင် ပြောင်းလဲဖို့အဆိုကို တင်ထားတဲ့ ထိုင်းနိုင်ငံဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြန်မာစစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဖူးခက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံ အဖွဲ့ကြီးနဲ့ မြန်မာနိုင်ငံအကြား ကြားခံတံတားသဖွယ် ဆောင်ရွက်ပေးဖို့ ဆန္ဒရှိကြောင်း၊ မြန်မာအနေနဲ့ လည်း အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ စပြီး စကားပြောတာ၊ အကြမ်းဖက်တိုက်ခိုက်မှု လျော့ချ တာ၊ အရပ်သားတွေကို ထိခိုက်စေမယ့် တိုက်ခိုက်မှုတွေကို ရှောင်ရှားတာ စတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
