ဒေါ်အောင်ဆန်းစုကြည်နဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးရင် ဒါဟာ တိုးတက်မှုတစ်ခုပါပဲ

ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်ဟာ ထိုင်းနိုင်ငံရဲ့ “နှစ်လမ်းသွားမူ” တစ်စိတ်တစ်ပိုင်းဟုဆို။

မြန်မာနိုင်ငံက စစ်အာဏာသိမ်းခေါင်းဆောင် စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ဟာ နောက်လဆန်းမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ချစ်ကြည်ရေးခရီးလာရောက်မှာဖြစ်ပြီး သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် (Anutin Charnvirakul) နဲ့တွေ့ဆုံမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က ဇူလိုင်လ ၂၁ ရက်နေ့က ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ မနီလာမြို့မှာ ပွင့်ပွင့်လင်းလင်းနဲ့ လက်တွေ့ကျကျ ဆွေးနွေးအပြီး AFP သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။

“(မြန်မာနဲ့ပတ်သက်ပြီး) ကျွန်တော်တို့အနေနဲ့ ဖြစ်နေတာတွေကို လက်တွေ့ကျကျ မြင်ဖို့လိုပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ဖို့လိုတယ်လို့ ကျွန်တော်တို့က ပြောတယ်။ သူတို့က လွှတ်ပေးပါတယ် ပြောတယ်။ ထပ်လွှတ်ပေးဖို့ မျှော်လင့်ရပါတယ်။ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရတာ တိုးတက်ဖို့လိုတယ်လို့ ကျွန်တော်တို့က ပြောတယ်။ သူတို့က လုပ်ပြီးပါပြီပြောတယ်။ ဒါပေမဲ့ လက်တွေ့တော့ မျက်စိနဲ့တပ်အပ်တော့ မမြင်ရဘူးပေါ့လေ။ ပြောရရင်တော့ ကျွန်တော်ကတော့ ပိုမျှော်လင့် ထားပါတယ်။ ပိုလိုက်လျောပြီး လုပ်လာလိမ့်မယ်လို့။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ လက်တွေ့ကျဖို့လိုပါတယ်။ ဒီအတိုင်း ရှေ့ဆက် တိုးတက်အောင်လုပ်ကြရအောင်ပါ။”

ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်ဟာ “နှစ်လမ်းသွားချဥ်းကပ်မှု” မူဝါဒတစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံ အကြား မပြီးပြတ်သေးတဲ့ ဆွေးနွေးရမယ့် ကိစ္စတွေ ဆွေးနွေးဖို့လည်းပါတယ်လို့ပြောပါတယ်။ နိုင်ငံနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေပါတယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ စစ်ခေါင်းဆောင်ဟောင်းကို ထိုင်းကို ချစ်ကြည်ရေးခရီးဖိတ်တာဟာ အာဆီယံက ရေရှည်ကျင့်သုံးလာခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် စွန့်လွတ်လိုက်တာမဟုတ်ဘူးလို့လည်း မစ္စတာဆီဟာဆတ်က ပြောပါတယ်။

ဘန်ကောက်တွေ့ဆုံရာမှာ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့ အလွတ်သဘောတွေ့ကြစဥ် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်မှု တိုးတက်တာတွေကို ဘယ်လိုတိုင်းတာရမလဲဆိုတာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အကြား မေးခွန်းထုတ်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

“မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးရင် ဒါတိုးတက်မှု တစ်ခု မဟုတ်ဘူးလား။ အနည်းဆုံး ထိုင်းမြန်မာနယ်စပ်တစ်လျောက် စစ်တပ်ကနေ အကြမ်းဖက် တိုက်ခိုက်နေ တာတွေ လျှော့ချလာတယ်ဆိုရင် ဒါလည်း တိုးတက်မှုတစ်ခု မဟုတ်ဘူးလား။ ကျွန်တော်တို့ပြောချင်တာက လက်တွေ့ကျကျ စဥ်းစားဖို့ပါ။ နေ့ချင်းညချင်း ဖြစ်လာရမယ်လို့ပြောတာမဟုတ်ဘူး။ တစ်ခုချင်း တစ်ဆင့်ချင်း တိုးတက်လာဖို့ပါ။ ဥပမာ ထိုင်းနယ်စပ်တစ်လျောက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည် သင့်မြတ်ဖို့ တွေ့ဆုံဆွေးနွေးရေး ကူညီပေးတာမျိုး၊ ဒီလိုအခြေခံကနေ စရမှာပါ။”

စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ ထိုင်းခရီးစဥ်ဟာ အရပ်သားသမ္မတအဖြစ် စစ်တပ်ကြီးစိုးထားတဲ့ နေပြည်တော်လွှတ်တော်က ဧပြီလက ရွေးချယ် တင်မြောက်ခဲ့အပြီး စတုတ္ထမြောက် အိမ်နီးချင်း နိုင်ငံခရီးစဥ် ဖြစ်သလို ဒုတိယမြောက် အာဆီယံ နိုင်ငံ ခရီးစဥ်လည်းဖြစ်ပါတယ်။ အရပ်သားရာထူးနဲ့ ပထမဆုံး ထိုင်းကို သွားရောက်တဲ့ခရီး ဖြစ်ပြီး အရင်က စစ်ခေါင်းဆောင် ရာထူးနဲ့ ၂၀၂၅ ဧပြီလက ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ စီးပွားရးနဲ့ နည်းပညာဆိုင်ရာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) အစည်းအဝေးကို တက်ဖို့ ထိုင်းကို သွားရောက်ခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်မှူးကြီး ရာထူးကို စွန့်လွတ်ပြီး သမ္မတအဖြစ် လွှဲပြောင်းရာထူးရယူခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ဇွန်လမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ကို သွားရောက်ခဲ့ပြီး ဇူလိုင်လဆန်းမှာ လာအိုနိုင်ငံ ကို သွားရောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး မြန်မာနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အာဆီယံမှာ ဦးဆောင် ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်သလို စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးရအပြီး ပထမဆုံး သမ္မတသစ်ကို ထောက်ခံကြောင်း ချီးကျူးစကားပြောတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့အပြင် ဧပြီလကလည်း နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်ကို စေလွှတ်ပြီး ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။