မြန်မာနဲ့ အကျိုးရှိတဲ့တွေ့ဆုံဆွေးနွေးမှုရခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်ပြော

မြန်မာဟာ အိန္ဒိယရဲ့ အိမ်နီးချင်း ဦးစားပေးရေး၊ ရှေ့မျှော်ဝါဒနဲ့ အိန္ဒိယ-ပစိဖိတ်နိုင်ငံများ ဆက်ဆံရေး မူဝါဒတွေအတွက် မရှိမဖြစ်နိုင်ငံဟု မိုဒီပြော။

အိန္ဒိယကို ငါးရက်ကြာ အလည်အပတ်ခရီးရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ နှစ်ဦးတွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီတွေ့ဆုံမှုဟာ နှစ်နိုင်ငံအကြား အကျိုးရှိတဲ့ တွေ့ဆုံမှု တစ်ခုဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ (Narendra Modi) က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁ ရက်နေ့ညပိုင်းက လူမှုကွန်ယက် X မှာ အခုလို ပြောလိုက်တာဖြစ်ပြီး စစ်တပ်ခန့်အစိုးရသစ် သမ္မတဦးမင်းအောင်လှိုင်အနေနဲ့ အိန္ဒိယနိုင်ငံကို သူ့ရဲ့ သမ္မတသက်တမ်းရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဥ် အဖြစ် ရွေးခြယ်ခဲ့အပေါ်မှာလည်း ဂုဏ်ယူရပါကြောင်း၊ အလားတူ ခရီးစဥ်ကို ဗုဒ္ဓဂယာကနေစတင်ပြီး ဗုဒ္ဓမြတ်စွာရဲ့ အရိပ်အာဝါသခံယူပြီး စတင်ခဲ့တာဖြစ်လို့လည်း ထပ်တူဝမ်းမြောက်ရပါကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ်က ရေးသားထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟောင်းနဲ့ တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနယ်ပယ်အားလုံးကို အပြန်အလှန် ပြောဆိုဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အဓိက မူဝါဒဖြစ်တဲ့ အိမ်နီးချင်း ဦးစားပေးမူဝါဒ၊ ရှေ့မျှော်ဝါဒနဲ့ အိန္ဒိယ ပစိဖိတ်နိုင်ငံများဆက်ဆံရေး မူဝါဒတွေအတွက် မရှိမဖြစ် နိုင်ငံဖြစ်ပါတယ်လို့လည်း သူက ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းဟာ ဇွန်လ ၁ ရက်နေ့မှာပဲ နယူးဒေလီမြို့တော်မှာ အိန္ဒိယသမ္မတ အိမ်တော်မှာ လက်ရှိသမ္မတ ဒရောပတိ မာမူ (Droupadi Murmu) နဲ့တွေ့ဆုံခဲ့တယ်လို့လည်း အိန္ဒိယ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်ဘဝကနေ စစ်တပ်ခန့်အစိုးရအကြီးအကဲအဖြစ် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ဟာ မေလ ၃၀ ရက်နေ့က ကုလသမဂ္ဂ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂါယာကြီးခရိုင်က ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်ကို ဖူးမျှော်ပြီး ငါးရက်ကြာ အိန္ဓိယခရီးစဥ်ကို စတင်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ရန်ဒီဟာ ဂျိုက်ဆွား (Randhir Jaiswal) က ပြောကြားပါတယ်။

ဒီခရီးစဥ်ဟာ အိန္ဒိယနဲ့မြန်မာအကြား ဗုဒ္ဓအမွေအနှစ်ကို အခြေခံတဲ့ ဘာသာရေးအရရော၊ ယဥ်ကျေးမှုအရပါ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိနေတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ကြောင်း၊ ဒီဆက်ဆံရေးဟာ မျိုးဆက်များစွာဖြတ်ပြီး အခုအချိန် စီးဆင်းဆက်နွှယ်နေဆဲ ဖြစ်ကြောင်းလည်း X လူမှုယက်မှာ ရေးသားထားပါတယ်။

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကို အခုလို အိန္ဒိယနိုင်ငံက သမ္မတအဖြစ် အသိအမှတ်ပြု လက်ခံတွေ့ဆုံနေတာနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီနဲ့လူမှုရေးအဖွဲ့အစည်း ၂၀ ကျော်နဲ့ ဖွဲ့ထားတဲ့ မဟာဗျူဟာ ညှိုနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) က မေလ ၃၁ ရက်နေ့က တရားဝင်ကန့်ကွက်ထားပါတယ်။

အလားတူ စစ်အာဏာသိမ်းခေါင်းဆောင်ကို တရားဝင်နိုင်ငံခေါင်းဆောင်တစ်ဦးလို အိန္ဒိယအစိုးရက လက်ခံဆက်ဆံနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ဇွန်လ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ခန့်အစိုးရကို အသိအမှတ်ပြုထားတာတွေ ပြန်ရုတ်သိမ်းဖို့လည်း တောင်းဆိုထားပါတယ်။