ဖားကန့်မှာ ဆယ်ရက်အတွင်း လူ ၃၀ နီးပါး ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူအများစုဟာ ရေမဆေးကျောက်ရှာဖွေသူတွေဖြစ်တယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက စစ်သားစုဆောင်းဖို့ လူ ၃၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ ရေမဆေးကျောက်ရှာဖွေသူတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောက်ဝိုင်းတွေနဲ့ မှော်တွေကနေအပြန်မှာ ဆွဲခံလိုက်ရတာ။ အဓိကက ပြည်သူ့စစ်က ပေါ်တာဆွဲနေတာ စစ်တပ်အတွက်။ ယူနီဖောင်းဝတ်ပြီးဆွဲတာမျိုးမဟုတ်ဘဲ ကင်းပုန်းတွေဝပ်ပြီး တွေ့တဲ့လူ အကုန်ဖမ်းခေါ်သွားတာ။ အမျိုးသမီးတွေလည်း ပေါ်တာဆွဲခံရတဲ့အထဲ ပါတယ်ဆိုပေမဲ့ ပြန်လွှတ်ပေးတယ် ကြားပါတယ်။ ဖားကန့်မှာ ပေါ်တာဆွဲခံရပြီးရင် မြစ်ကြီးနားက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ထဲကို ပို့တာလို့ သိထားတယ်”

ဒေသခံတွေ ပြောဆိုချက်အရ နိုဝင်ဘာလ ၁ ရက်နေ့မှာ ခုနစ်ဦး၊ ၃ ရက်နေ့မှာ နှစ်ဦး၊ ၄ ရက်နေ့မှာ နှစ်ဦး၊ ၆ ရက်နေ့မှာ ကိုးဦး၊ ၇ ရက်နေ့မှာ ခြောက်ဦးနဲ့ ၁၀ ရက်နေ့မှာ သုံးဦး၊ စုစုပေါင်း ၂၉ ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ မှော်ဆီဇာနဲ့ လုံးခင်းဒေသတွေမှာ တပ်သားသစ်စုဆောင်းတာတွေ ပိုလုပ်လာတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ စိုးရိမ်နေကြတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့က(စစ်တပ်)က ကားနဲ့ကို လိုက်ပြီး မှော်တွေထဲအထိ ဝင်ဆွဲတာ။ ကျွန်တော်တို့မှာ ကျောက်ကို ကောင်းကောင်းမရှာရဘူး။ ကားသံကြားတာနဲ့ ခေါင်းပဲထောင်ကြည့်နေရတာ။ နေ့လယ်ဘက် ကျတော့လည်း အယ်နီညိုက တအားပူလွန်းလို့ ကျောက်ရှာရင်း မူးလဲသူတွေတောင်ရှိတယ်။ ဒါကြောင့် အများစုက အေးတဲ့အချိန် ညပိုင်းမှာ အေးဆေးရှာကြတာ။ ညပိုင်းမှာလူထွက်မှန်းသိတော့ ညပိုင်းကို တအားပေါ်တာဆွဲလာတာ။ ကြာတော့ ရေမဆေးသမားတွေ စီးပွားရေးထိခိုက်တာပေါ့”

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ မှော်မောင်းလျန်ရပ်ကွက်မှာ လမ်းသွားနေတဲ့ အရပ်သား ၁၂ ဦးကို တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ခေတ်မီတပ်မတော်ဖြစ်အောင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ရက် (၁၀၀) ပြည့် မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေ စတင်ပြဋ္ဌာန်းခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ စစ်တပ်ဘက်ကနေ ပြည်သူ့ဘက်ကူးပြောင်းလာသူ ၃,၈၇၄ ဦးနဲ့ တပ်ကနေ ထွက်ပြေးသူ နှစ်သောင်းခန့်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။