အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး

အာဆီယံထိပ်သီးညီလာခံမှာ စစ်တပ်ခန့်အစိုးရဘက်ကဘာပြောချင်တာလဲဆိုတာသိအောင် သွားတွေ့တာဖြစ်နိုင်ကြောင်း လေ့လာသူတွေပြော

ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်ရော နိုင်ငံခြားရေးဝန်ကြီးပါဖြစ်တဲ့ ဆီဟဆတ် ဖုဝမ်ကက်ကိရောက် (Sihasak Phuangketkeow) ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကိုတစ်ရက်တာလာပြီး နေပြည်တော်မှာ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်အပြင် ထိပ်ပိုင်းအရာရှိတွေနဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ကတော့ အာဆီယံအနေနဲ့ လာမယ့်နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးမှာ စစ်တပ်ခန့်အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးကိုတက်ခွင့်ပေးသင့်တယ်လို့ မြန်မာပြည် ခရီးစဥ်အပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။ အဲဒီအပြင် ထိုင်း နယ်စပ်တလျှောက် မှာရှိတဲ့ KNU KNPP အဖွဲ့တွေနဲ့ ဆွေးနွေးမယ်ဆိုရင် ထိုင်းအနေနဲ့ ကြားကနေဆောင်ရွက်ပေးနိုင်တဲ့အကြောင်း ပြောခဲ့တယ်လို့လည်း ဆီဟဆတ် ကပြောပါတယ်။

စစ်တပ်ခန့်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံနဲ့ အာဆီယံကြားပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထိုင်းနိုင်ငံကကူညီပံ့ပိုးရေး၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်ဂိုဏ်း) တွေနှိမ်နင်းရေး၊ နယ်စပ်ကုန်သွယ်ရေး၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်က မြစ်ချောင်းတွေ ရေထုညစ်ညမ်းမှုကာကွယ်ရေးနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကိစ္စတွေကိုဆွေးနွေးခဲ့ တယ်လို့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပ မယ့် ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုမှာသွားခဲ့တာပါ။

ဒါကြောင့် အာဆီယံထိပ်သီးညီလာခံမှာ စစ်တပ်ခန့်အစိုးရဘက်ကဘာပြောချင်တာလဲဆိုတာသိအောင် သွားတွေ့တာဖြစ်နိုင်တယ်လို့ ထိုင်း-မြန်မာ အရေးလေ့လာသူ စတီဗင်စန်းယု က RFA ကိုပြောပါတယ်။

“အဓိကရည်ရွယ်ချက်က အာဆီယံထိပ်သီးအစည်းအဝေးထဲမှာ မြန်မာနိုင်ငံအတွက် ဆွေးနွေးဖို့ဆိုတဲ့ သီးသန့်အစီအစဉ်တစ်ခုရှိတယ်။ ဒီအစီအစဉ်မှာ ဆွေးနွေးလို့ရအောင် မအလစစ်အုပ်စုကိုယ်စားတင်ပြဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ သွားတွေ့တာဖြစ်တယ်။ ဆွေးနွေးပွဲမတိုင်ခင်မှာ မင်းအောင်လှိုင်ရဲ့ အခြေအနေကို သိချင်တယ်။ တိုးတက်မှု အခြေအနေကို သိချင်တယ်ဆိုတဲ့ဟာကို ကြိုပြီး စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးကို သတင်း စကားပါးထဲက တစ်ခါထဲပြောလိုက်တယ်။ အဓိကရည်ရွယ်ချက်က အဲဒါပဲ"

လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်တပ်ခန့်အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံရေး ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပဲ တက်ရောက်ခွင့်ရမယ်လို့ အာဆီယံအလှည့်ကျဥက္က ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ စစ်တပ်ခန့်အစိုးရရဲ့ သဘောထားကို လာရောက်နားထောင်တာလို့လည်း မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက သုံးသပ်ပါတယ်။

“ အာဆီယံအစည်းအဝေးမှာ မြန်မာပြည်က အဆင့်မြင့်ရာထူးကို မဖိတ်ထားဘူး။ ဒါကြောင့်မို့လို့လည်း ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးကနေပြီးတော့ မြန်မာပြည်ဘက်က ဘာပြောချင်သလဲဆိုတာကို လာရောက်နားထောင်တာဖြစ်တယ်လို့ ကျနော်မြင်တယ်”

ထိုင်းနိုင်ငံအနေနဲ့ စစ်တပ်ခန့်အစိုးရနဲ့ထိတွေ့ဆက်ဆံတာဟာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်မဖြစ်အောင် အလေးထားသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါ တယ်။

“နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေအတွက် ထိတွေ့ ဆက်ဆံရတဲ့ ကိစ္စတွေရှိတယ်ပေါ့။ ဒါပေမဲ့လည်း အဲဒီလိုထိတွေ့ဆက်ဆံမှုတွေဟာ တစ်ဖက်က မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ဆန့်ကျင်နေတာမျိုး၊ ပြီးတဲ့အခါမှာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားကို ဆန့်ကျင်ဘက်ဖြစ်နေတာမျိုးမဖြစ်ဖို့ အထူးအလေးထားကြဖို့လိုမယ်လို့ ပြောလိုပါတယ်”

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် မြန်မာနိုင်ငံကိုသွားခဲ့တာ အခုခရီးစဉ်အပါအဝင် သုံးကြိမ် ရှိပါပြီ။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ပထမအကြိမ်၊ ၂၀၂၆ ခုနှစ် ဧပြီလမှာ ဒုတိယအကြိမ်ဖြစ်ပြီး စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်အပါအဝင် စစ်တပ်ခန့်အစိုးရရဲ့ ထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အခုတစ်ခေါက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဥ်မှာ ဆွေးနွေးပြောဆိုခဲ့တာတွေဟာ အာဆီယံအသင်းထဲက မူနဲ့လုပ်ငန်းစဥ်တွေကိုသက်ရောက်မှုရှိသွားနိုင်တယ်လို့ အာဆီယံအရေးလေ့လာသူ ဦးဝင်းမင်းက သုံးသပ်ပါတယ်။

“လက်ရှိထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်က အာဆီယံရဲ့ မြန်မာအပေါ်မှာမူ၊ လုပ်ငန်း စဉ် သက်ရောက်မှုရှိနိုင်လားဆိုတော့ သက်ရောက်နိုင်ပါတယ်။ လက်ရှိလည်း အာဆီယံမှာ အကြမ်းဖျင်းလုပ်ငန်းစဉ်တွေ ပြင်နေတာဖြစ်တဲ့အတွက် လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ နောက်ဥက္ကဋ္ဌ စင်ကာပူရယ်၊ ၂၀၂၈ ဥက္ကဋ္ဌ ထိုင်းနိုင်ငံရယ်၊ လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်ရယ် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတဲ့ အသေးစိတ်လုပ်ငန်းစဉ် ထွက်လာနိုင်တယ် လို့ထင်ပါတယ်”

နိုင်ငံတကာကလူ့အခွင့်အရေးအခြေအနေတွေကိုစောင့်ကြည့်လေ့လာထုတ်ပြန်နေတဲ့ Human Rights Watch (HRW) က အာဆီယံထိပ်သီးအစည်းအဝေးတက်မယ့် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းကို ပိုပြီး ပြတ်ပြတ်သားသားကိုင်တွယ်ဖို့၊ ၂၀၂၆ နှစ်စမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ အသိအမှတ်မပြုဖို့နဲ့ စစ်တပ်ခန့် အစိုးရအရာရှိတွေကို အာဆီယံ အစည်း အဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပေးပဲ ဆက်လက်ကန့်သတ်ထားဖို့ နိုဝင်ဘာ ၁၁ ရက်နေ့မှာတိုက်တွန်းထားပါတယ်။