ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် True Green City ကော်စေ့စက်ရုံက တရုတ်နိုင်ငံသားနည်းပညာရှင် ကျဲကျဲ ဆိုတဲ့အမျိုးသမီးက စက်ရုံရဲ့ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး မထက်ပြည့်ပြည့်လင်းကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တဲ့အမှုကို ရွှေပြည်သာမြို့နယ်တရားရုံးက ဇူလိုင်လ ၆ နေ့က ပယ်ချလိုက်ပါတယ်။
သက်သေအထောက်အထားခိုင်လုံတဲ့ CCTV မှတ်တမ်းကို တရားရုံးမှာ ပြနိုင်ခဲ့ပေမဲ့ ပယ်ချခံလိုက်ရတာလို့ ဒီအမှုရဲ့ တရားလိုဖြစ်တဲ့ မထက်ထက်ပြည့်လင်းက RFA ကိုပြောပါတယ်။
“ညီမကိုလိုက်ပေးတဲ့သက်သေကလဲ ညီမဖြစ်စဉ်ကို အစအဆုံးမြင်ထားတဲ့သက်သေပါ၊ CCTV မှာလည်း သက်သေအထင်အရှားပေါ်နေပါတယ်။ အဲဒီအရင် အလုပ်သမားရုံးမှာ ဖြေရှင်းတုန်းကလည်း သူမလုပ်ခဲ့ပါဘူးလို့ တစ်ခွန်းမှ မငြင်းခဲ့ပါဘူး။ တရားရုံးမှာလည်း သူတို့ဘက်က ရှေ့နေကလည်း တရုတ်မက မရိုက်ခဲ့ပါဘူးလို့ မငြင်းခဲ့ပါဘူး။ ဒါကို တရားသူကြီးက ပြစ်မှုထင်ရှားပါရက်နဲ့ ဒီအမှုကို ပလပ်တာ”
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စက်ရုံရဲ့ တရုတ်နိုင်ငံသားနည်းပညာရှင် ကျဲကျဲ ဆိုတဲ့အမျိုးသမီးက နောက်ကျောကို ရိုက်ခဲ့တာကြောင့် ကျောကုန်းယောင်ပြီး ဆေးကုသခဲ့ရတယ်လို့ မထက်ပြည့်ပြည့်လင်း က ဆိုပါတယ်။
အဲဒါကြောင့် ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၂၃ (နာကျင်စေမှု)နဲ့ တိုင်ကြားခဲ့ရာမှာ အမှုအမှတ် (ရာဇသတ်ကြီး- ၁၃၃/၂၆) နဲ့ လက်ခံခဲ့တာကြောင့် မတ်လ ၁၂ ရက်နေ့ကစပြီး တရားစွဲခံထားရသူတွေ အမှုရင်ဆိုင်ခဲ့ရတာလို့ သိရပါတယ်။
ဇူလိုင်လ ၆ နေ့က ၁၃ ကြိမ်မြောက်ရုံးချိန်းမှာ ရွှေပြည်သာမြို့နယ် တရားရုံးမှာ တရားသူကြီးက ဘာကြောင့် ပယ်ချလိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောဘဲ တရားစွဲဖို့ မသင့်ဆိုပြီး ပယ်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
တရားသူကြီးက သေချာမသုံးသပ်ဘဲ အမှုကို ပယ်ချလိုက်တာလို့ ဒီအမှုကို အစအဆုံး လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက RFA ကို ပြောပါတယ်။
“CCTV မှတ်တမ်းရှိရဲ့သားနဲ့ တရားရုံးက အဲဒါကို သေချာမသုံးသပ်ဘဲနဲ့ လိုရာဆွဲပြီး သုံးသပ်သွားတယ်လို့ပဲ ကျွန်တော်က ယူဆပါတယ်“
တည်ဆဲအလုပ်သမားဥပဒေတွေက အလုပ်သမားတွေကို အကာအကွယ်မပေးနိုင်တော့တာကြောင့် မေးခွန်းထုတ်စရာဖြစ်နေပြီလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် - မြန်မာ (STUM) ရဲ့ တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက RFA ကိုပြောပါတယ်။
“ကိုယ့်နိုင်ငံမှာ အလုပ်လုပ်နေပြီးတော့ ကိုယ့်နိုင်ငံလာပြီး ရင်းနှီးမြုပ်နှံတဲ့သူတွေက ခေါ်လာတဲ့ နည်းပညာရှင်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကိုတောင် ကျွန်မတို့ လူမျိုးအလုပ်သမားတွေက အကာကွယ်မရဘူးဆိုရင် အလုပ်သမားဥပဒေက ဘယ်လိုလူမျိုးတွေအတွက် ကာကွယ်ပေးဖို့ ထုတ်ပြန်ထားတာလဲဆိုတဲ့ မေးခွန်း မေးစရာရှိလာပြီပေါ့နော်”
ဒီကိစ္စနဲ့ပတ်သက်လို့ True Green City စက်ရုံကိုအကျိုးအကြောင်းမေးဖို့ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသလို စက်ရုံဘက်က တရားဝင်ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။
True Green City ကော်စေ့စက်ရုံဟာ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ အမှတ် ၂၃ ရပ်ကွက်၊ မဟာမြိုင်လမ်းမှာ တည်ရှိပြီး အလုပ်သမားသမဂ္ဂကိုဖြိုခွဲတာ၊ ဦးဆောင်သူတွေကို အလုပ်ထုတ်တာတွေရှိသလို၊ လုပ်ခလစာ တိုးမြှင့်ပေးဖို့ အလုပ်သမားတွေက မကြာခဏတောင်းဆိုခဲ့ကြတဲ့ စက်ရုံတစ်ရုံဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
နိုင်ငံခြားသားအလုပ်ရှင်တွေအနေနဲ့ မြန်မာပြည်က ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ မထက်ပြည့်ပြည့်လင်းက RFA ကိုပြောပါတယ်။
“တရုတ်လူမျိုးတွေပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံကိုလာလို့ရှိရင် မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ဥပဒေတွေကို လေးစားလိုက်နာပါ့မယ်လို့ သူတို့တွေ စာချုပ်မှာ လက်မှတ်နဲ့တကွ ကတိတွေပေးထားပြီးသား။ ဘယ်ဥပဒေကို ကျူးလွန်လို့မရဘူး၊ ဘယ်အလုပ်သမားကို ဘယ်လိုမျိုး လုပ်လို့မရဘူးဆိုတာ သူတို့က သိပြီးသား။ ဒါကိုသိသိကြီးနဲ့ တရုတ်မက ကျွန်မကိုလုပ်တယ်”
အလုပ်သမားအရေးကူညီနေသူတွေကတော့ အလုပ်သမားတွေအတွက် လုပ်ငန်းခွင်အတွင်း လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ ဒီအမှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဒီကိစ္စမှာ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် (EC စာချုပ်) ပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တဲ့အပြင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ သက်သေတွေ ထင်ထင်ရှားရှား ရှိနေပေမဲ့ မြို့နယ်တရားရုံးက ပယ်ချလိုက်တာကြောင့် နစ်နာသူဘက်က ဆက်ပြီး တရားမျှတမှု ရရှိဖို့ အယူခံတင်သွားမယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။
