လူသိန်းချီ ရေဘေးကြုံနေချိန် မြစ်ဆုံစီမံကိန်း ပြန်စဖို့ စစ်တပ်ခန့်အစိုးရ ကြိုးပမ်း

ကချင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ စစ်တပ်ခန့်အစိုးရက အဓိကထား ပြော။

လက်ရှိ မြန်မာနိုင်ငံမှာ လူသိန်းနဲ့ချီ ရေဘေးဒုက္ခကြုံနေရချိန်မှာပဲ စစ်တပ်ခန့်အစိုးရက ဧရာဝတီမြစ်ဖျားပိုင်းက မြစ်ဆုံဆည်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့ ဒေသခံတွေရဲ့ သဘောထားရယူတဲ့ တွေ့ဆုံပွဲတွေကို အရှိန်မြှင့်လုပ်ဆောင်လာပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့က နေရာ ၁၀ ခုထက်မနည်းမှာ စစ်တပ်ခန့်အစိုးရက ဖွဲ့စည်းထားတဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကချင်ဒေသခံကော်မတီက ဒီတွေ့ဆုံပွဲတွေကို ဦးဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီပွဲတွေဟာ ဆည်တည်ဆောက်ရေးအတွက် လူထုထောက်ခံမှုရအောင် စည်းရုံးတဲ့ပွဲတွေပဲလို့ ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ဘ်က ပြောပါတယ်။

“အခုအချိန်မှာဆိုရင် လူထုစည်းရုံးရေး အကြိမ်ရေ ၅၀ ထက်မနည်း လုပ်ပြီးမှ တရုတ်အစိုးရထံ ပြန်လည်တင်ပြဖို့ လုပ်ဆောင်နေတာကို တွေ့ရတယ်။ ပြည်သူလူထုတွေကို ဖိတ်စာနဲ့ခေါ်တာရှိတယ်။ အိမ်တိုင်ရာရောက် အုပ်ချုပ်ရေးမှူးက လိုက်ခေါ်တာရှိတယ်။ ဒီလိုအခြေအနေမှာ ပြည်သူလူထုတွေကို အတင်းအဓမ္မ စည်းရုံးရေးတွေ လုပ်ဆောင်တာ တွေ့ရတယ်။”

လက်ရှိ ဆည်တွေ ရေမနိုင်တော့ဘဲ ရေလွှတ်ချရတာနဲ့ တာတမံကျိုးပေါက်တာတွေကြောင့် ပြည်သူတွေ ရေဘေးကြုံနေရချိန် မြစ်ဆုံစီမံကိန်း ပြန်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာတာကို ပိုသတိထားဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်မှာ အဖွဲ့ဝင် ၁၄ ဦးပါ ဧရာဝတီမြစ်ဆုံ-မြစ်ညာ ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တရုတ်အစိုးရပိုင် State Power Investment Corporation (SPIC) ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Yunnan International Power Investment ကုမ္ပဏီနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။

အဲဒီတွေ့ဆုံပွဲတွေမှာ မြစ်ဆုံဆည်က ကချင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်၊ စက်မှုလုပ်ငန်းနဲ့ အလုပ်အကိုင်တွေ တိုးလာမယ်ဆိုတဲ့ အချက်တွေကို စစ်တပ်ခန့်အစိုးရက အဓိကထား ပြောဆိုနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံတော်က ခွင့်ပြုထားတဲ့ စီမံကိန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ရင် တည်ဆဲဥပဒေအတိုင်း အရေးယူမယ်လို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုအခြေအနေကြောင့် မြစ်ဆုံစီမံကိန်းကို မလိုလားတဲ့ ဒေသခံတွေကြားမှာတောင် ပေါ်ပေါ်ထင်ထင် ကန့်ကွက်ဖို့ ခက်ခဲနေတယ်လို့ ကချင်တမျိုးသားလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်သမဂ္ဂ AKSYU လူငယ်တာဝန်ခံ ကိုထိန်နန်က ပြောပါတယ်။

“ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ ဒီစီမံကိန်းကို ကန့်ကွက်တယ်၊ လုံးဝ မဖြစ်စေချင်ဘူး၊ စိုးရိမ်တယ်။ သို့သော် ဖမ်းဆီးအရေးယူခံရနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်ချက်တွေကြောင့် တချို့နေရာမှာ ကန့်ကွက်ဖို့ နည်းပါးလိမ့်မယ်”

စစ်တပ်ခန့်အစိုးရဘက်က ပြင်ဆင်နေတဲ့ စီမံကိန်းတွေထဲမှာ မြစ်ဆုံမှာ တစ်ခု၊ မေခ (အန်မိုင်ခ) မြစ်ပေါ်မှာ ငါးခုနဲ့ မလိခမြစ်ပေါ်မှာ တစ်ခု စုစုပေါင်း ခုနစ်ခု ပါဝင်ပါတယ်။

သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေကတော့ မြစ်ဆုံ၊ မေခနဲ့ မလိခမြစ်တွေပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ ဆက်တိုက်ဆောက်လုပ်ရင် ဧရာဝတီမြစ်ရဲ့ သဘာဝစီးဆင်းမှုနဲ့ ဂေဟစနစ်ကို ထိခိုက်နိုင်သလို မြစ်အောက်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသအထိ သက်ရောက်မှုရှိလာနိုင်တယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် စီမံကိန်းတွေကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ပြီး မြန်မာနိုင်ငံက ရရှိမယ့် အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေ မမျှတဘူးလို့လည်း ဝေဖန်ကြပါတယ်။

မြစ်ဆုံအပါအဝင် မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ခုနစ်ခုကို အကောင်အထည်ဖော်ရင် တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ စစ်တပ်ခန့်အစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ဇွန်လ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ကချင်လူထုကတော့ သဘာဝနဲ့ အနာဂတ်ကို စတေးပြီး ရယူရမယ့် ဖွံ့ဖြိုးတိုးတက်မှုမျိုးကို မလိုချင်ဘူးလို့ ကချင်တစ်မျိုးသားလုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်သမဂ္ဂ AKSYU လူငယ်တာဝန်ခံ ကိုထိန်နန်က ပြောပါတယ်။

“ကချင်လူထုတစ်ယောက်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း လိုချင်တယ်။ သို့သော် ကျွန်တော်တို့ရဲ့ မြစ်၊ ချောင်း၊ သဘာဝနဲ့ အနာဂတ်ကို ရင်းနှီးပြီးမှ ရယူမယ့် ဖွံ့ဖြိုးတိုးတက်မှုမျိုးတော့ မလိုချင်ဘူး”