နေရပ်ပြန်ချင်ပေမဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံရေး အာမခံဖို့ ရိုဟင်ဂျာတွေ တောင်းဆို

လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ အတိတ်ကလို ဆိုးရွားတဲ့အခြေအနေတွေ ထပ်မကြုံရအောင် နိုင်ငံတကာက အာမခံပေးနိုင်ဖို့ လိုအပ်ဟုဆို။

ဘင်္ဂလားဒေ့ရှ်က ပေးပို့ထားတဲ့ နေရပ်စွန့်ခွာသူ ရှစ်သိန်းနှစ်သောင်းကျော်စာရင်းထဲက လေးသိန်းနှစ်သောင်းကျော်ကို စိစစ်ပြီးဖြစ်တယ်လို့ စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲက သုံးသိန်းကျော်ဟာ ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့တဲ့ အထောက်အထားတွေ့ရှိထားကြောင်း၊ လုံခြုံရေးအခြေအနေ ကောင်းလာရင် ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းကာ ဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်လက်ခံမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကော့ဘဇားဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်လည်းဖြစ် ရိုဟင်ဂျာအရေး လှုပ်ရှားသူလည်းဖြစ်တဲ့ ကိုအောင်မြိုင်ကတော့ ဒီအစီအစဉ်အပေါ် မယုံကြည်ပါဘူး။

“သူတို့မှာ ရိုးသားမှု ရှိမယ်ဆိုရင်၊ တစ်နှစ် နှစ်နှစ်အတွင်း ဒီကိစ္စ ပြီးမြောက်သွားမှာပါပဲ။ အခု ကိုးနှစ်တောင် ရှိသွားပြီ။ ဒါကတော့ နိုင်ငံတကာရဲ့ တရားဝင်မှုနဲ့ ICJ case က ချောမောသွားအောင် ဟန်ပြအနေနဲ့ လုပ်နေတာပဲ ဖြစ်ပါတယ်”

လက်ရှိ ရခိုင်ပြည်နယ်က မြို့နယ်အများစုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားတာကြောင့် ရိုဟင်ဂျာတွေကို ဘယ်လိုပြန်လည်လက်ခံမယ်ဆိုတဲ့ လက်တွေ့အစီအစဉ်တွေကို စစ်တပ်ခန့်အစိုးရက ရှင်းရှင်းလင်းလင်း ချပြထားတာမရှိဘူးလို့လည်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ထောက်ပြပါတယ်။ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် AA ရဲ့ သဘောထားကို သိရဖို့ RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။

ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ တစ်သန်းကျော် ထွက်ပြေးခိုလှုံနေရချိန်မှာ သုံးသိန်းကျော်ကိုသာ ပြန်လည်လက်ခံမယ့် အစီအစဉ်ကို ရိုဟင်ဂျာအမျိုးသမီးများနဲ့ကျောင်းသားများအသံ အဖွဲ့ ရဲ့ အမှုဆောင်ဒါရိုက်တာ ရီမတ်စ်ခန်းကလည်း လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“သူ့စာရင်း သုံးသိန်းပဲ လက်ခံမယ်ဆိုရင် အဲဒါ ကျွန်မတို့ လက်ခံလို့မရပါဘူး။ တစ်ဝက်လက်ခံတယ်၊ တစ်ဝက်လက်မခံဘူးဆိုရင် ကျွန်မတို့မှာ အိမ်ပြန်ဖို့ လုံးဝဆန္ဒမရှိပါဘူး”

ရိုဟင်ဂျာတွေဟာ ကိုယ့်နိုင်ငံကို ပြန်လာလိုတဲ့ဆန္ဒ အမှန်တကယ်ရှိပေမဲ့ ပြန်ရောက်ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ အတိတ်ကလို ဆိုးရွားတဲ့အခြေအနေတွေ ထပ်မကြုံရအောင် နိုင်ငံတကာက အာမခံပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

ရိုဟင်ဂျာအရပ်ဘက်အဖွဲ့ ၂၂ ဖွဲ့ကလည်း ဩဂုတ် ၁၈ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြီး ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ကို အသိအမှတ်ပြုဖို့၊ နိုင်ငံသားအခွင့်အရေး ပြန်ပေးဖို့နဲ့ နေရပ်ပြန်ရေးကို UNHCR ရဲ့ တိုက်ရိုက်ကြီးကြပ်မှုအောက်မှာ လုံခြုံပြီးဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

စစ်တပ်ခန့်အစိုးရကတော့ ရိုဟင်ဂျာတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုနေကြတဲ့ နေရပ်စွန့်ခွာရတဲ့ ရိုဟင်ဂျာ တစ်သန်းကျော် ရှိတယ်ဆိုတာ မဟုတ်ဘဲ အဲဒီထက်ဝက်ခန့်ဖြစ်တဲ့ ငါးသိန်းလေးသောင်းကျော်သာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေ့ရပ်စွန့်ခွာခဲ့တာလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီးဟောင်းဖြစ်တဲ့ ဦးအောင်ကျော်မိုးကတော့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ တရားမျှတမှုရရှိရေးဟာ တစ်ပြိုင်တည်း ဆောင်ရွက်ရမယ့်ကိစ္စလို့ ထောက်ပြပါတယ်။

“ရိုဟင်ဂျာတွေ ပြန်လာရမယ်၊ တရားမျှတမှုလည်း ရရှိရမယ်။ ဒီနှစ်ခုစလုံးရှိမှသာ ရေရှည်ခိုင်မြဲတဲ့ ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။”

ရိုဟင်ဂျာတွေရဲ့ ဝေဖန်ချက်တွေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တုံ့ပြန်ချက်ရဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ရာမှာ တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ထားတဲ့ သဘောထားအတိုင်းသာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

ရိုဟင်ဂျာတွေက နေရပ်ပြန်လိုတဲ့ဆန္ဒရှိပေမဲ့ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာသွားလာခွင့်နဲ့ လုံခြုံရေးအပြင် မူလက ရှိခဲ့တဲ့ အိမ်၊ မြေယာနဲ့ ပိုင်ဆိုင်မှုတွေ ပြန်လည်ရရှိရေးကိုပါ အာမခံပေးဖို့ တောင်းဆိုထားကြပါတယ်။

နှစ်ပေါင်းများစွာ ဒုက္ခသည်ဘဝနဲ့ နေထိုင်လာရတဲ့ သူတို့အတွက် နေရပ်ပြန်ရေးဟာ ပြန်လည်ပို့ဆောင်ပေးရုံသာမဟုတ်ဘဲ ဘေးကင်းလုံခြုံပြီး လူ့ဂုဏ်သိက္ခာရှိတဲ့ဘဝကို ပြန်လည်တည်ဆောက်နိုင်ရေး ဖြစ်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။