ရုရှားနဲ့ ဘီလားရုစ်နိုင်ငံတွေကို ဦးမင်းအောင်လှိုင် သွားရောက်

ရုရှားသမ္မတပူတင်နဲ့ မဟာဗျူဟာ ဆက်ဆံရေး ခိုင်မာစေဖို့ ကြိုးပမ်းချက်အဖြစ် လေ့လာသူတွေ ရှုမြင်။

ရုရှားနိုင်ငံကနေ တစ်ဆက်ထဲ ချစ်ကြည်ရေးခရီးရောက်လာတဲ့ မြန်မာစစ်တပ်ခန့် အစိုးရ အကြီးအကဲ ဦးမင်းအောင်လှိုင်ကို ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်ဒါ လူကာရှင်ကို (Alexander Lukashenko) က မင့်စ်မြို့ရှိ လွတ်လပ်‌ရေး နန်းတော်မှာ သြဂုတ်လ ၂၁ ရက်နေ့က ကြိုဆိုတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံအပြီး မြန်မာ-ဘယ်လာရုစ် သံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းစေရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့် အစိုးရရဲ့ နိုင်ငံပိုင်သတင်းဌာနတွေကနေ ကြေညာထားပါတယ်။

ဒါ့အပြင် ဦးမင်းအောင်လှိုင်ဟာ ဘီလာရုစ်နိုင်ငံမှာ မြန်မာသံရုံးဖွင့်ပွဲကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီမှာ အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးဖြုတ်ချအပြီး စစ်တပ် အာဏာသိမ်းတာကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမင်းအောင်လှိုင်ဟာ ၂၀၂၅-၂၀၂၆ အပိုင်း ၃ ပိုင်းခွဲကျင်းပခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်ကတစ်ဆင့် ဧပြီလ ၃ ရက်နေ့မှာ သမ္မတရာထူး ရယူခဲ့သူဖြစ်ပြီး သမ္မတသက်တမ်း ၄ လအတွင်း အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခဲ့ပြီး အခုလမှာ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေကို သွားရောက်နေတာဖြစ်ပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်က ထွက်ခွါသွားတဲ့ ဦးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို ပထမဆုံး သွားရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်တပ်အစိုးရလက်အောက်ခံ သတင်းဌာနတွေက ကြေညာထားပါတယ်။

ရုရှားသမ္မတနဲ့တွေ့ဆုံရာမှာ နိုင်ငံတကာမှာ နားလည်မှုနဲ့ အပြန်အလှန်လေးစားမှုတို့နဲ့ ဆက်လက်ပူးပေါင်းသွားဖို့၊ လက်ရှိကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ဖို့၊ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်ရေး ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ ပူးပေါင်းပါဝင်ဖို့ စတာတွေ ဆွေးနွေးတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံဟာ တရုတ်နိုင်ငံနည်းတူ မြန်မာစစ်အာဏာပိုင်တွေကို အဓိက ထောက်ပံ့သူနှဲ့ လက်နက် ရောင်းချတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အခုဖြစ်နေတဲ့ မြန်မာပြည်တွင်းစစ်မှာ ရုရှားလုပ် တိုက်လေယာဉ်တွေကို အဓိက အားထားပြီး ဒီမိုကရေစီရေး ခုခံတော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။