စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလဲအိုကျေးရွာကို စစ်တပ်က ဩဂုတ်လ ၂၁ ရက်နေ့ မနက် ၉နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဥပုသ်ဆောက်တည်နေကြတဲ့ သက်ကြီးရွယ်အို ၁၄ ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရသွားတယ်လို့ ကူညီနေသူတွေက RFA ကို ပြောပါတယ်။
သြဂုတ်လ ၂၁ နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်နေ့တွေအထဲက နေ့တနေ့ဖြစ်တဲ့ ဥပုသ်နေ့ ဖြစ်တာကြောင့် ဆွဲလဲအိုကျေးရွာက ဘုန်းကြီးကျောင်းအတွင်းက အမျိုးသားယောဂီဆောင်ပေါ်ကို ဂျက်တိုက်လေယာဥ်နှစ်စင်းနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရာမှာတင်သေဆုံးသွားသူတွေလည်းရှိသလို ဓမ္မာရုံ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေလည်း ရှိခဲ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့(CDSOM) ရဲ့ တာဝန်ရှိသူ ကိုနွေဦးက ပြောပါတယ်။
“သံဃာတော်တွေက ဗုံးကြဲတိုက်ခိုက်မှုမှာလွတ်ကင်းတယ်ဗျ။ သူတို့ကတရားပေးပြီး ကျောင်းပေါ်ကို ပြန်တက်ချိန် အမျိုးသားယောဂီဆောင်ပေါ်ကို ကြဲတာ။ သက်ကြီးဝါကြီး အမျိုးသား ၁၁ ဦး အမျိုးသမီးသုံးဦးဆုံးတယ်။ ဒဏ်ရာရတာ နှစ်ဆယ်ကျော်ရှိတယ်”
သေဆုံးသွားသူတွေကိုတော့ မိသားစုဝင်တွေ၊ ဒေသခံတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေပေါင်းပြီး ညနေပိုင်းမှာပဲ ကျေးရွာသုမှာ သင်္ဂြိုလ်လိုက်တယ်လို့ သူကဆိုပါတယ်။
လတ်တလော အခြေအနေအရ စစ်ကိုင်းတိုင်းက မြို့နယ်တော်တော်များများကို စစ်တပ်က ဖုန်းနဲ့အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သေဆုံးထိခိုက်သူတွေရဲ့ နာမည်နဲ့အသေးစိတ် အချက်အလက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် အာဏာသိမ်း စစ်တပ်က ဆလကြောင်းကနေ နောက်တကြိမ်ဗုံးလာကြဲမှာစိုးရိမ်တာကြောင့် ဆွဲလွဲအိုကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတချို့ဟာ လေကြောင်းရန်ကင်းလွတ်တဲ့ နေရာတွေမှာ ခေတ္တ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက် ညနေပိုင်းကလည်း မြောင်မြို့နယ်၊ လှေတင်ဦးရွာက စတားလင့်ခ် အင်တာနက်ဆိုင် ကို ဂျက်တိုက်လေယာဥ် သုံးစင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဆိုင်မှာအင်တာနက် အသုံးပြုနေသူတွေနဲ့ ဆိုင်ရှင်အပါအဝင် နှစ်ဦးသေဆုံးကာ လူနှစ်ဆယ်လောက် ဒဏ်ရာရခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။
RFAက လက်လှမ်းမှီသလောက် ပြုစုထားတဲ့ အချက်အလတ်အရ စစ်ကိုင်းတိုင်းက ဝက်လက်၊ ဆားလင်းကြီး၊ မြောင်နဲ့ကသာမြို့နယ်တို့ကို စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁၈ ရက်ကနေ ၂၁ ရက်အထိ လေးရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံးကာ ၄၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
