စစ်ကိုင်းတိုင်းက ဝက်လက်၊ ဆားလင်းကြီး၊ မြောင်နဲ့ ကသာမြို့နယ်တို့ကို စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁၈ ရက်ကနေ ၂၀ရက်အထိ သုံးရက်အတွင်း အရပ်သား ခုနစ်ဦးသေဆုံးကာ ၂၂ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ မြေပြင်မှာ ကူညီနေသူတွေက RFAကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လ ၁၈ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ညောင်ကြီးတောရွာကို မနက် ၇နာရီကျော်မှာ လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ညနေပိုင်း ၄ နာရီကျော်မှာတော့ ဆားလင်းကြီးမြို့နယ် ရေခါးရွာကို ဗုံးကြဲခဲ့တာကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးနှစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။
အလားတူ ဩဂုတ်လ ၁၉ ရက် ညနေ ၆နာရီကျော်မှာ မြောင်မြို့နယ်၊ လှေတင်ဦးရွာက စတားလင့်ခ် အင်တာနက်ဆိုင်ကို ဂျက်ဖိုက်တာ သုံးစင်းနဲ့ဗုံးကြဲခဲ့တာကြောင့် ဆိုင်မှာအင်တာနက် အသုံးပြုနေသူတွေနဲ့ ဆိုင်ရှင်အပါအဝင် နှစ်ဦးသေဆုံးကာ လူနှစ်ဆယ်လောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းမှာလည်း ကသာမြို့နယ် မှတ်တိုင်ကျေးရွာနဲ့ချောင်းဝကျေးရွာကြားကို ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ်နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။
“ကသာက လက်ရှိတိုက်ပွဲတော့မရှိဘူးဗျ။ လူတွေကတော့ ဒီလိုပဲ ကြိုကြားကြိုကြားရွာပြန်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ လူတွေအကုန် ပြန်နေတာတော့ မရှိသေးဘူး။ လေကြောင်းက ဘယ်လိုကနေ ဘယ်လိုလာပစ်တယ် မသိပါဘူး ပေါင် သုံးရာနဲ့ ပစ်ခံရတာလို့ ကြားတယ်ဗျ။ ဆုံးသွားတဲ့ တစ်ယောက်ကတော့ အသက် ၃၀ ဝန်းကျင် CDM ဝန်ထမ်းတစ်ဦး”
ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရထားသူတွေဟာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး လတ်တလောမှာတော့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေမှာ လတ်တလောတိုက်ပွဲဖြစ်ပွားနေတာ မရှိသလို ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေအနေနဲ့လည်း အဲဒီနယ်မြေတွေမှာ စစ်ရေးလှုပ်ရှားနေတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရတဲ့အထဲက ဝက်လက်နဲ့မြောင်မြို့နယ်တို့ဟာ အခုလအတွင်းမှာပဲ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရပြီး ကျေးရွာတချို့မှာ ဒီနေ့အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ လေကြောင်းရန် ရှောင်တိမ်းဖို့အတွက်လည်း အခက်အခဲတွေရှိနေတယ်လို့ ဆိုကြပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတရာထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအောင်ဇော်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ဩဂုတ်လ ၂၀ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်းမှာ စစ်တပ်လက်ချက်ကြောင့် နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူ ၈၂၉,၃ ဦးသေဆုံးကာ ၃၁,၇၉၉ ဦးဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။
