လက်ပံတောင်းတောင်ဒေသ ဗုံးကြဲခံရပြီး အမျိုးသမီးနှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် နှစ်စီးက ရေခါးရွာထဲကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဟုဆို။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရေခါးရွာကို ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်တပ်က ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၀ နဲ့ ၄၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီးငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် နှစ်စီးက ရေခါးရွာထဲကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ဖိုက်တာ ပထမတစ်စီးက ရေခါးရွာကို ရောက်ရောက်ချင်း ကြဲသွားတာ။ အဲဒီတစ်စီးကြဲပြီးအပြန်ကို နောက်တစ်စီးက တစ်ခါ ထပ်ကြဲတာဗျ။ ရွာလယ်ခေါင်ရယ်၊ ဘုန်းကြီးကျောင်းရယ် ကျတယ်။ အဲဒီမှာ နှစ်ဦး သေတယ်။ ရေခါးရွာက တစ်ဦး၊ လယ်တီကတစ်ဦး။ လယ်တီကတစ်ဦးကျတော့ စျေးသည် ခရမ်းသီးလာဝယ်တာ လာဝယ်တုန်း ဖိုက်တာနဲ့ ကြဲတဲ့အချိန် ထိတာဗျ”

တရုတ်နဲ့ မြန်မာစစ်တပ်ရဲ့ ဝမ်ပေါင် ကုမ္ပဏီ ကြေးနီစီမံကိန်းထဲမှာ စခန်းချထားတဲ့ စစ်တပ်ကလည်း ရေခါးရွာကို လက်နက်ကြီးခြောက်လုံးလောက် ပစ်ခတ်ခဲ့တဲ့အတွက် အိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ဝမ်ပေါင်ကုမ္ပဏီဝင်းထဲကနေ ဧရာ၀တီမြစ်ကမ်းနားကရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅,၉၁၉ ဦးအထိ ရှိလာပြီး ဘာသာရေးဆိုင်ရာအဆောက်အအုံ ၇၈၃ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။