ပင်လည်ဘူး ကင်းပန်းရွာဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ၊ လေးဦးသေဆုံးပြီး ၁၃ ဦးခန့် ဒဏ်ရာရ

မန္တလေးနဲ့ ဟုမ္မလင်းကနေလာတဲ့ တိုက်လေယာဉ်နှစ်စီးက ကင်းပန်းရွာဆေးရုံကို လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်ခဲ့တာဟုဆို။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် ကင်းပန်းရွာကို စစ်တပ်က ဩဂုတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၃ ဦး ခန့် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မန္တလေးနဲ့ ဟုမ္မလင်းမြို့တွေကနေ တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးက ကင်းပန်းရွာမှာရှိတဲ့ ဆေးရုံကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ကင်းပန်းရွာကို လေယာဉ် နှစ်စီး ဗုံး ၈ လုံး နှစ်ခေါက်စီ ကြဲသွားတယ်။ နောက်တစ်ခေါက်က ထွက်ပြေးတာတွေကို စက်သေနတ်နဲ့ လမ်းတစ်လျှောက် ပစ်သေးတယ်။ သေဆုံးတာက ဦးလေးတစ်ယောက်၊ အပျိုအရွယ်တစ်ယောက်၊ ၉ နှစ်အရွယ် မိန်းကလေးတစ်ယောက်၊ အဖွားတစ်ယောက်။ ဒဏ်ရာရတာက အတိအကျ မသိရသေးဘူးဗျ။ ခန့်မှန်းခြေ ၁၃ ဦးလောက်တော့ ရှိတယ်။ ခြေပြတ်လက်ပြတ်တာတွေရောပဲ”

အဲဒီရွာက အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ သက်ကြီးရွယ်အို တစ်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းသွားတဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာ့အမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) က တပ်ရင်းမှူး နှစ်ယောက်ဖြစ်တဲ့ သုဘရာဇာနဲ့ ဒေါင်းညို ဆိုသူနှစ်ဦးကို အဲဒီ ဆေးရုံမှာ ဆေးဝါးကုသမှု ပေးနေချိန် သူတို့ နှစ်ဦးက ဩဂုတ်လ ၁၅ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်ပြီးနောက် နောက်တစ်နေ့မှာ စစ်တပ်က လေကြောင်းကနေ လာရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ စစ်တပ်က ပင်လည်ဘူးမြို့နယ်မှာရှိတဲ့ မံစီဆေးရုံကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေနဲ့ နေအိမ် နှစ်လုံး ပျက်စီးခဲ့ပြီး ဆေးရုံဝန်ထမ်းနဲ့ လူနာတွေကတော့ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်းက ဆေးရုံနဲ့ ဆေးခန်း တည်ရှိတဲ့နေရာတွေကို စစ်တပ်က ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၅,၉၁၉ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ လုံး ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေမှာ ဖော်ပြထားပါတယ်။