“မိဘပြည်သူအပေါင်းတို့ခင်ဗျား၊ လတ်တလောတွင် ဝမ်းပျက်ဝမ်းလျှောမှုဖြစ်နိုင်သောကြောင့် မြို့နယ်အတွင်း ရှိ လမ်းများပေါ်တွင် စျေးရောင်းချမှုများအား မနက်ဖြန် ၁၃ ရက် ၈ လ ၂၀၂၆ မှစ၍ နောင်သုံးရက်မှ ငါးရက် အတွင်း စျေးရောင်းချခြင်းမပြုပါရန် အသိပေးတားမြစ်အပ်ပါသည်။ ရောဂါအခြေအနေပေါ်မူတည်၍ စျေးပြန်လည်ရောင်းချခြင်းအား ပြန်လည်အသိပေးမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်”
ရန်ကုန်မြို့လယ်ခါင်က လသာ၊ လမ်းမတော်၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့သူများလာတာကြောင့် အသိပေးကြေညာနေတာပါ။
သြဂုတ်လ ၉ ရက်ကနေ ၁၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသ နေရတဲ့သူ ၁၈၂ ယောက်အထိရှိပြီး အဲဒီအထဲက အသက်၉၂ အရွယ် တစ်ယောက်သေဆုံးသွားတယ်လို့ စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ လက်ရှိအချိန်အထိ ပြင်းထန်တဲ့ ဝမ်းရောဂါပိုးတွေ့တဲ့သူက ၅၄ ယောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကူးစက်ရောဂါထားတဲ့ ဆေးကုသဆောင်တွေအပြင် ဆေးကုသဆောင်တချို့မှာပါ ကုသပေးနေတာတွေ့ရတယ်လို့ လသာမြို့နယ်က လုံခြုံရေးအရအမည်မဖော်လိုတဲ့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။
" လောလောဆယ်ပေါ့နော်။ ၂၀၀ ကျော်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ကိုဗစ် ဒီဗိုလ်ချုပ်လမ်းမဘက်ကလေ ကိုဗစ်တုန်းကလေ Extension လုပ်ထားတဲ့ ကန့်တွေတယ်မဟုတ်လား။ ကိုဗစ်တုန်းကလိုမျိုး အဲဒီကန့်တွေအပြည့် ရှိတယ်။ နောက်ပြီးတော့ တချို့ဆေးကုသဆောင်တွေမှာလည်း ရှိတယ်။ အဲဒီ၂၀၀ ကျော်ထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိတဲ့အရေအတွက်ကို ပြောတာမဟုတ်ဘူးနော်။ ဝမ်းပျက် ဝမ်းလျှောလူနာ လို့ပဲ သတ်မှတ်လို့ရမယ်။ သူကစောင့်ကြည့်ကုသပြီးတော့မှ စစ်ဆေးတာကိုး။ အဲဒီတော့ ပိုးတွေ့တဲ့ သူက ဘယ်နှစ်ယောက် ပိုးမတွေ့တဲ့သူက ဘယ်နှစ်ယောက်အဲဒီလိုမျိုးတွေ ရှိမယ်"
နာမည်ကျော် ၁၉ လမ်းကစားသောက်ဆိုင်တွေအပါအဝင် လမ်းဘေးဆိုင်အားလုံး သြဂုတ်လ ၁၃ ရက်ကစပြီးနောက် ၅ ရက်အထိ ပိတ်ထားဖို့ အသိပေးထားတယ်လို့ လသာမြို့နယ်က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်က RFA ကိုပြောပါတယ်။
" ကျွန်မတို့ ၁၉ လမ်းဆိုလို့ရှိရင် ဆိုင်တွေကိုအကုန်ပိတ်မယ်။ ဘာမှ မရောင်းရဘူး။ ၁၉ လမ်း၊ လမ်း ၂၀ ပေါ့နော်။ လသာအတွင်းက အပြင်ဆိုင်တွေရောပေါ့။ ထမင်းဆိုင်တွေရော။ ဒီအသုပ်ဆိုင်တွေ၊ အဲဒီလိုပေါ့နော်။ လမ်းဘေးဆိုင်တွေအပါအဝင် ဆိုင်ကြီးတွေနဲ့ ဖွင့်ရောင်းတဲ့ဆိုင်တွေပါ အကုန်ပိတ်ဖို့ ကျွန်မတို့ ဒီနေ့ပဲညွှန်ကြားထားပါတယ်ရှင့်"
ရန်ကုန်မြို့မှာ လမ်းဘေးအသုပ်ဆိုင်တွေ၊ မသန့်ရှင်းတဲ့ စားသောက်ဆိုင်တွေအပြင် ရေပိုက်လိုင်းကလာတဲ့ရေတွေကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်ဆိုပြီး လမ်းဘေး စားသောက်ဆိုင်တွေပိတ်ခိုင်းထားတဲ့အပြင် ရေပိုက်လိုင်းအတွင်း ကလိုရင်းဆေးတွေထည့်ပြီး ပိုးသတ်တာတွေပါလုပ်နေတယ်လို့ ပြောပါတယ်။
လမ်းမတော်မြို့နယ်က ပုဂ္ဂလိကဆေးရုံတချို့မှာလည်း ဝမ်းပျက်လို့ ကုနေတဲ့လူနာတွေ ရှိတယ်လို့ ဆေးရုံ အသိုင်းအဝိုင်းကပြောပါတယ်။ လက်ရှိမှာတော့ ဝမ်းရောဂါအတွက် ဆေးဝါးအပြည့်အစုံရှိနေသလို ကူးစက်ရောဂါကုသရေးအဆောင်တွေမှာ သီးသန့်ထားပြီး ကုသပေးနေတယ်လို့ ဆိုပါတယ်။ ရန်ကုန်ဆေးရုံကြီးက တာဝန်ရှိသူတွေ၊ မြို့နယ်တာဝန်ရှိသူတွေ၊ ပရဟိတအဖွဲ့တွေနဲ့ လူနာရှင်တချို့ကို RFA က စုံစမ်းမေးမြန်းတဲ့အခါ လသာ၊ လမ်းမတော်၊ အလုံ၊ ဒဂုံ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ တာမွေ၊ ဒလ စတဲ့ မြို့နယ်တွေမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်နေကြတယ်လို့ သိရပါတယ်။
ကာလဝမ်းရောဂါဖြစ်နေရင် ဆေးမြီးတိုနဲ့မကုဖို့နဲ့ ဆေးရုံဆေးခန်းသွားဖို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ယောက်က အခုလို အကြံပြုပါတယ်။
“ကာလဝမ်းရောဂါဆန်ဆေးရေလိုမျိုး ဖြူဖြူနောက်နောက်အရည်တွေပေါ့နော်။ အနံ့အားဖြင့်ဆိုရင်လည်း ငါးညှီနံ့နံတယ်။ ဝမ်းကလည်းအရည်တွေများမယ်၊ နာရီပိုင်းအတွင်းမှာပဲ အကြိမ်ရေများများသွားမယ်။ ပြီးတဲ့အခါကျရင် အော့အန်မယ်။ အဲလိုဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က ရေဓာတ်တွေဆုံးရှုံးသွားတဲ့အခါမှာ နုံးကျမယ် အားကုန်မယ် ကြွက်တက်မယ်၊ အဲလိုဆိုးတဲ့အခြေအနေကနေ သတိလစ်လာမယ် အသက်သေ ဆုံးတဲ့အထိဖြစ်နိုင်တဲ့အခါကျတော့ နီးစပ်နဲ့ ဆေးရုံဆေးခန်းသွားပါ။ ဆေးမြီးတိုနဲ့ မကုပါနဲ့”
ဝမ်းရောဂါဖြစ်နေတဲ့သူကို ကူညီပြီးရင်လည်း လက်တွေသေသေချာချာဆေးဖို့၊ လူနာရဲ့အဝတ်အစားတွေကို ရေနွေးနဲ့ပြုတ်လျှော်တာ၊ ပိုးသတ်ဆေးနဲ့လျှော်တာတွေလုပ်ဖို့။ အစားအသောက်တွေကို ယင်မနားအောင်ထားဖို့၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ တခြားရောဂါရှိတဲ့သူတွေကို ဝမ်းရောဂါမကူးအောင် ဂရုစိုက်ဖို့ကို လည်း ဆရာမကအကြံပြုပါတယ်။
---------------------------
