ရေဘေးဒဏ်ခံရတဲ့ စစ်ကိုင်းနဲ့ ဧရာဝတီမှာ လယ်ဧကတစ်သိန်းကျော်ပျက်စီး

ရေဘေးကြောင့်လယ်တွေပျက်စီးဆုံးရှုံးရသလို၊ ဒီနှစ်မှာ စပါးစိုက်တဲ့သူလျော့သွားလို့ လာမယ့်နှစ်မှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်စုစုနွေး က RFA ကိုပြောပါတယ်။

ဇူလိုင်လ ၃၀ ရက်က ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာ ကျိုးပေါက်ပြီး လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်၊ ဟင်္သာတနဲ့ ကျောင်းကုန်းမြို့နယ်တွေမှာ ရေဘေးဒုက္ခရင်ဆိုင်ရလို့ လယ်ဧက တစ်သိန်းကျော် နစ်မြှုပ်ခဲ့သလို စစ်ကိုင်းတိုင်းက ရွှေဘို၊ ဒီပဲယင်း၊ စစ်ကိုင်း၊ ဝက်လက်စတဲ့ မြို့နယ်ပေါင်း ၁၀ ကျော်မှာလည်း ရေဘေးရောက်နေတဲ့အတွက် လယ်နဲ့ ယာစိုက်ခင်း ဧကတစ်သောင်းကျော် ပျက်စီးဆုံးရှုံးတယ်လို့ ဆန်စပါး လုပ်ငန်းရှင်တွေနဲ့ လယ်သမားအရေးဆောင်ရွက်တဲ့သူတွေက RFA ကို ပြောပါတယ်။

ဧရာဝတီတိုင်းက လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့မှာ လယ်ဧက ၇ သောင်းကျော်ဟာ လုံးဝပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန်ကုန်သည်တစ်ဦီးက ပြောပါတယ်။

“ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်နဲ့ ငသိုင်းချောင်းမြို့နယ်မှာရှိတဲ့ လယ်ဧက စိုက်ဧက ၇ သောင်းကျော် လောက်ကတော့ လုံးဝ ပျက်စီးသွားတာ။ စပါးကလည်း စက်တင် ဘာ ၁၅ ရက်လောက်ဆို ဗမာပြည်အောက်ပိုင်းမှာ ဆန်သစ်တွေပေါ်ပြီ။ စပါးသစ်တွေပေါ်ပြီ။ ဒါပေသိ အခုလို ပျက်စီးသွားတဲ့အချိန်အခါမှာ ရေကျသွားရင်လည်း ပြန်ပြီးတော့ သူတို့က ပြန်စိုက်ပျိုးလို့မရတော့ဘူး။ အချိန်မမီတော့ဘူး”

ပျက်စီးသွားတဲ့ လယ်မြေတွေဟာ တစ်ဧကကို မိုးစပါး တင်း ၇၀ ဝန်းထွက်လေ့ရှိတဲ့အတွက် ဧကတစ်သိန်းကျော် ဆိုရင် တင်းပေါင်း သိန်း ၇၀ ကျော်အထိ ဆုံးရှုံးနိုင်ချေရှိပါတယ်။ ဆန်တစ်တန်ရဖို့ စပါး တင်း ၈၀ ကနေ ၁၀၀ ကြားလိုတဲ့အတွက် အနည်းဆုံး ဆန်တန်ချိန် ၉ သောင်းကနေ တစ်သိန်းကြား လျော့သွားမှာဖြစ်ပါတယ်။

ဧရာဝတီတိုင်းနဲ့ စစ်ကိုင်းတိုင်း ပေါင်းလိုက်ရင် ရေကြီးတဲ့ဒဏ်ခံရတဲ့ မြို့နယ်ပေါင်း ၂၀ ဝန်းကျင်ရှိပါတယ်။ ဒီလို ရေဘေးကြောင့်လယ်တွေပျက်စီးဆုံးရှုံးရသလို၊ ဒီနှစ်မှာ စပါးစိုက်တဲ့သူလျော့သွားလို့ လာမယ့်နှစ်မှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဒေါ်စုစုနွေး က RFA ကိုပြောပါတယ်။

“ စက်သုံးဆီတွေ စျေးကြီးတာတွေရယ်၊ နောက်ပြီးတော့ လယ်ထဲကိုထည့်ရတဲ့ စာရိတ်တွေကပေါ့နော်၊ အရမ်းကြီး ကြီးတဲ့အတွက်ပေါ့နော် မစိုက်ဘဲနဲ့ ပစ်ထားတဲ့လယ်တွေ အများကြီးရှိပါတယ်။ ဒီနှစ်ကတော့ ကျွန်မတို့ ဧရာဝတီ တိုင်းကို ထိတာဆိုတော့လေ ပျက်စီးဆုံးရှုံးမှုက ပိုပြီးတော့ ရှိတယ်။ အဲဒီလိုရှိတဲ့အတွက်ပေါ့နော်၊ အခုအချိန်ကနေ စပြီးတော့ပေါ့နော် ဆန်စျေးတွေက ထိုးတက်တယ်ပေါ့နော်။ အဲဒီတော့ နောက်နှစ် ဆိုရင်ပေါ့နော် မြန်မာနိုင်ငံက ထွက်တဲ့ ဆန်စပါးဟာပေါ့နော် မြန်မာနိုင်ငံမှာရှိတဲ့လူထုကို အပြည့်အဝမလုံလောက်နိုင်ဘူးလို့ ကျွန်မတို့က မြင်ပါ တယ်”

အရင်က တစ်အိပ်ကို ကျပ်ခြောက်သောင်းခွဲ ရှိခဲ့တဲ့ ဆန်ကွဲက အခုဆိုရင် ကျပ် ၈၀၀၀၀ စျေးဖြစ်နေပြီး၊ ၈၀၀၀၀ ဝန်းကျင်ရှိတဲ့ ဆန်လတ်ကြီးတစ်အိတ်က အခုဆိုရင် ကျပ်တစ်သိန်းအထိ ဖြစ်နေတဲ့အတွက် တစ်အိပ်ကို နှစ်သောင်းလောက်စီစျေးတက်သွားသလို ကျပ် တစ်သိန်းလေးသောင်း ပေးရတဲ့ ဆန်တစ်အိတ်ကို ၁၈၀၀၀၀ အထိ စျေးတက်သွားတယ်လို့ သူက ပြောပါတယ်။

လယ်ဧက သောင်းနဲ့ချီ ရေနစ်မြှုပ်သွားတဲ့ လေးမျက်နှာမြို့နယ်မှာဆိုရင် နွေစပါးစိုက်ဖို့လည်းမလွယ်တော့ဘူးလို့ ငြိမ်းအေးရွာက လယ်သမားတစ်ဦးက ပြောပါတယ်။

“ လယ်တွေကတော့ ပြန်လုပ်ဖို့ မလွယ်တော့ဘူး ပြောပါတော့။ ဒီရေကလည်း ပြီးတော့ တော်သလင်း၊ သီတင်း ကျွတ်၊ တန်ဆောင်မုန်းတောင်မှ ပြန်ခံရင် ခံတယ်လေ။ နောက် နွေရာသီစပါးကျတော့လည်း မမီတော့ဘူးလေ။ ရေက အဲဒီဘက်မှာရေကျတော့မရဘူးလေ။ မိုးတစ်သီးပဲ စိုက်စားရတာဆိုတော့ မိုးတစ်သီးကို အခုလိုမျိုး ဖြစ်သွား တော့ လယ်ဧကပေါင်း သောင်းနဲ့ချီ ကုန်သွားတာပေါ့ ”

မြန်မာနိုင်ငံမှာ နွေစပါးနဲ့ မိုးစပါး စိုက်ဧကပေါင်း ၁၇ သန်းဝန်းကျင်ရှိတဲ့အထဲက ဧရာဝတီတိုင်းမှာ ဧက သုံးသန်းခွဲ ရှိတယ်လို့ ဆန်စပါးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးရဲ့ စပါးစိုက်ဧက ၁၇ သန်းနဲ့နှိုင်းယှဥ်ရင် ရေကြီးလို့ပျက်စီးတာ ဧက တစ်သိန်းကျော်ပဲရှိတဲ့ အတွက် ဆန်စပါးရှားပါးမှုမဖြစ်နိုင်ဘူးလို့ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ ဧရာဝတီတိုင်းက စပါးစိုက်ဧကက အားလုံးဆိုလို့ရှိရင် သုံးသန်းကျော် ရှိတယ်လေ။ မြှုပ်တာတော့ ဧက တစ်သိန်းကျော် မြှုပ်တာပေါ့။ ဒါတွေကလည်း နောက် ကိုးလပိုင်းဆို ပြန်စိုက်မှာလေ။ အဲဒီအတွက် သိပ်ပြီးတော့ Effected မဖြစ်လှပါဘူး။ မိုးစပါးမရတာတောင် ပြဿနာမရှိဘူး။ နွေစပါးက ပိုပြီးတော့ အထွက်များတယ်လေ။ မဖြစ်နိုင်ဘူးဆိုတာက ကျွန်တော်တို့က တစ်နှစ်တစ်နှစ်ကို တန် နှစ်သန်းခွဲ သုံးသန်းတင်တာလေ။ ဧက တစ်သိန်း က ဘာပဲပြောပြော တစ်ဝက်လောက် ပြန်ရမှာပဲလေ။ တကယ်လို့မရလည်း သူတို့က ဆောင်းသီးနှံ သူတို့ပြန်စိုက် မှာပဲ။ ဧက လေးငါးသောင်း တစ်သိန်းလောက်နဲ့တော့ ဆန်စပါးရှားပါးမှုပြဿနာ မဖြစ်နိုင်ဘူး”

မြန်မာနိုင်ငံမှာ မိုးစပါးနဲ့ နွေစပါးတစ်နှစ်ကို ဆန်တန်ချိန် ၁၆ သန်းဝန်းကျင် နှစ်စဉ်ထွက်ရှိပြီး ပြည်တွင်းစားသုံး မှုက ၈၀ ရာခိုင်းနှုန်းဝန်းကျင်ရှိတယ်လို့ ဆန်စပါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံကနေ စားသုံးလို့ ပိုလျှံတဲ့ ဆန်တန်ချိန် ၃ သန်းဝန်းကျင်ကိုပဲ ပြည်ပကို တင်ပို့တာဖြစ်ပြီး ပြည်ပတင်ပို့မှုဆန်ရဲ့တစ်ဝက်ဟာ ဧရာဝတီတိုင်းက ထွက်တာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းက ရွှေဘိုပေါ်ဆန်းစပါး အစိုက်များတဲ့နေရာတွေမှာရေကြီးလို့ တစ်မြို့နယ်ကို လယ်နဲ့ ယာစိုက်ခင်း ဧကပေါင်း တစ်ထောင်ဝန်းကျင် ထိခိုက်ပျက်စီးရတဲ့အတွက် စစ်ကိုင်းတိုင်း အနေနဲ့ လယ်ဧက တစ်သောင်းကျော် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ လယ်သမားအရေးကူညီနေတဲ့ ဝက်လက်မြို့နယ်က ဒေသခံက ပြောပါတယ်။

“ ဒီပဲယင်းမြို့နယ်ဆိုရင် လယ်ဧကပေါင်း ထောင်ချီပျက်မယ့် အနေအထားရှိတယ်။ ရွှေဘိုမြို့နယ်ဆိုရင်လည်း လယ်စိုက်ပြီးသားတွေ ပျက်တာတွေ ရှိတယ်ပေါ့။ တော်တော်များများကတော့ ဒီရေကြီးရေလျှံမှုကြောင့် ဆုံးရှုံး နစ်နာမှုတွေကတော့ များများစားစားကြီးကို ရှိတာပေါ့။ ရွှေဘိုဆန်ကတော့ အထွက်နှုန်းလျော့သွားမှာပေါ့ လေ”

မြန်မာနိုင်ငံကနေ ပြည်ပကိုတင်ပို့တဲ့ ဆန်တန်ချိန်ဟာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ဇန်နဝါရီလကနေ ဇူလိုင်လ အထိ ခုနှစ်လအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒဿမ ၃ သန်းကျော် (၁၃၂၁၄၅၈ တန်) တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။