စစ်အာဏာသိမ်းမှုအကြောင်း စာအုပ်ရေးခဲ့သူ အမေရိကန်လုပ်ငန်းရှင် ပြည်နှင်ဒဏ်ပေးပြန်လွှတ်

မြန်မာအမေရိကန် ချစ်ကြည်ရင်းနှီးမှု ရှေးရှုပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်နှင်ဒဏ်ပေး ပြန်လွှတ်ခဲ့ဟုဆို။

၂၀၂၁ စစ်အာဏာသိမ်းမှုအတွင်း မြန်မာနိုင်ငံမှာ ရှင်သန်ရပ်တည်ခဲ့ရပုံအကြောင်း Finding Our Voice စာအုပ်ရေးသားခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲခံထားရသူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Michael Castillo) ကို စစ်တပ်ခန့်အစိုးရက စက်တင်ဘာ ၁၆ ရက် ညနေပိုင်းမှာ နေပြည်တော် လေဆိပ်ကနေ ပြည်နှင်ဒဏ်ပေး ပြန်လွှတ်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။

ကက်စတီလိုဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း (The American Chamber of Commerce in Myanmar) ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး ဇွန် ၈ ရက်မှာ ပန်းဘဲတန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ အမှုဖွင့်အရေးယူခဲ့တာလို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။ သူ့ကို ဖမ်းဆီးထားစဥ်မှာ အသင်းက အသင်းဥက္ကဋ္ဌ အဖြစ်နဲ့ ငွေကြေး အလွဲသုံးမှု ရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ဒီစွပ်စွဲချက်ကို သူက ငြင်းဆိုခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

သူ့ကို မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး သတ်မှတ်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်နှင်လွှတ်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူ့အပေါ် စွဲဆိုထားတဲ့အမှုကို ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာနဲ့ ပြည်နှင်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လုပ်ငန်းစဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

ဖမ်းဆီးခံရပြီးကတည်းက အကျဥ်းကနေတဲ့သူ့ကို နိုင်ငံရပ်ခြားမှာ မှားယွင်းဖမ်းဆီးခံရသူ အမေရိကန် နိုင်ငံသားများ ပြန်လည် လွှတ်မြောက်‌ရေး ကူညီဆောင်ရွက်နေတဲ့ Global Reach အဖွဲ့ကနေ ကြားဝင် ကူညီပေးဖို့ မိသားစုက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ကက်စတီလိုဟာ ရန်ကုန်အခြေစိုက် လုံခြုံရေးကုမ္ပဏီတစ်ခုကို ဦးစီးလုပ်ကိုင်သူဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ အကြီးအကဲဟောင်းလည်း ဖြစ်ပါတယ်။

သူဟာ Finding Our Voice စာအုပ်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံမှာ သွားရောက်မိတ်ဆက်နေပြီးနောက် မြန်မာနိုင်ငံကို ပြန်လာချိန် ဇွန် ၁၁ ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံထားရတဲ့သတင်းကို သိရှိခဲ့တယ်လို့ အဲဒီအချိန်က Reuters ကို ပြောခဲ့ပေမဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးအရ အသေးစိတ်တော့ မပြောဆိုခဲ့ပါဘူး။

ကက်စတီလိုရဲ့ Finding Our Voice စာအုပ်မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို အာဏာသိမ်းစစ်တပ်က နှိမ်နင်းခဲ့တဲ့ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားသလို၊ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ထိရောက်မှုမရှိဘူးလို့ ဝေဖန်ထားပြီး စီးပွားရေးအရ ပိုမိုထိတွေ့ဆက်ဆံသင့်တယ်လို့ ရေးသားထားကြောင်း Reuters က ဖော်ပြထားပါတယ်။

အမေရိကန်ရေတပ်သားဟောင်းတစ်ဦးဖြစ်တဲ့ မစ္စတာကက်စတီလိုဟာ ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန် သမ္မတအိမ်တော်ကို သွားရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က ထွက်ရှိတဲ့ မြေရှားသတ္တုများ အမေရိကန်က တိုက်ရိုက်ဝယ်ယူနိုင်ဖို့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးအနေနဲ့ ပါဝင် ဆောင်ရွက်နိုင်ကြောင်း အမေရိကန်အစိုးရအရာရှိတွေကို အကြံပြုတင်ပြခဲ့ဖူးတယ်လို့ ရိုက်တာ သတင်းက ရေးသားထားပါတယ်။

ဒါ့အပြင် သူရဲ့စာအုပ်ထဲမှာလည်း ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတာတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့တာတွေကို မှတ်တမ်းတင်ရေးသားသလို တစ်ဖက်မှာလည်း မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရနဲ့ အနောက်နိုင်ငံကြီးတွေက ပိတ်ဆို့အရေးယူ ထားတာတွေကို ထိရောက်မှုမရှိကြောင်း၊ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ ပိုပြီး လုပ်ဆောင်သင့်ကြောင်း ရေးသားချက်များ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။