ရှမ်းမြောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ရှစ်လအတွင်း အရပ်သား ၆၀ သေဆုံး

မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ တန့်ယန်း၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ TWO က ကောက်ယူမှတ်တမ်းတင်ထားတာဟုဆို။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ရှစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကလေးငယ် ၂၂ ဦး အပါအဝင် အရပ်သား ၆၀ ဦးသေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း(TWO) က စက်တင်ဘာလ ၁၅ ရက်မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ လျော့ကျသွားပေမဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သား ထိခိုက်သေဆုံးမှုတွေက ဆက်ရှိနေဆဲဖြစ်တယ်လို့ TWO ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

“ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပွဲတွေရပ်နေပေမဲ့ အရပ်သားထိုခိုက်သေဆုံးမှုတွေက နေ့စဉ်ဖြစ်ပေါ်နေတာပါ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့တိုင်း ကျွန်မတို့ကြားနေရပါတယ်”

ဒီဖြစ်ရပ်တွေကြောင့် ကလေး ၇၆ ဦးအပါအဝင် အရပ်သား ၂၁၈ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအချက်အလက်တွေဟာ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ တန့်ယန်း၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ TWO က လက်လှမ်းမီသလောက် ကောက်ယူမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ရှစ်လအတွင်း အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကတော့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ မေလ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ပါတယ်။

TWO ရဲ့ အစီရင်ခံစာအရ အဲဒီပေါက်ကွဲမှုကြောင့် ကလေး ၁၈ ဦးအပါအဝင် အရပ်သား ၄၃ ဦး သေဆုံးပြီး ကလေး ၅၅ ဦးအပါအဝင် ၁၈၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီပေါက်ကွဲမှုအတွက် TNLA ခေါင်းဆောင်တွေက ထိခိုက်နစ်နာခဲ့တဲ့ မိသားစုတွေကို တောင်းပန်ခဲ့သလို သေဆုံးသူတွေရဲ့ မိသားစုတွေကို ငွေကြေးထောက်ပံ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဇွန်လ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူမှုတွေကို အများပြည်သူသိအောင် ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုအပ်နေသေးတယ်လို့ TWO ပြောရေးဆိုခွင့်ရှိသူက ထောက်ပြပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး TNLA ပြောခွင့်ရသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။

TWO အစီရင်ခံစာအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေအတွင်း ကျန်ရှိခဲ့တဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့်လည်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်ဖြစ်နေပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လကုန်အထိ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှု ၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ကလေး သုံးဦးအပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးကာ နောက်ထပ် ၄၂ ဦး ဒဏ်ရာရခဲ့တယ်လို့ TWO အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြေမြှုပ်မိုင်းတွေကို စိုက်ပျိုးရေးခြံတွေနဲ့ တောင်ယာစိုက်ခင်းတွေ၊ လူနေအိမ်ခြံဝန်းတွေ၊ အများပြည်သူအသုံးပြုတဲ့ လမ်းတွေအပြင် စာသင်ကျောင်းဝန်းတွေထဲမှာပါ တွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါတွေက ဒေသခံတွေရဲ့ နေ့စဉ်သွားလာနေထိုင်မှုနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက် အန္တရာယ်ကြီးမားနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။