တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ဒေသ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာမှာ မေလ ၃၁ ရက်နေ့က ယမ်းစက်ရုံပေါက်ကွဲတာကြောင့် လူ လေးဆယ်ကျော် သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။
ပေါက်ကွဲတဲ့အရှိန်ကြောင့် ကောင်းတပ်ကျေးရွာ တစ်ရွာလုံးနီးပါးက နေအိမ်တွေ မီးလောင် ပျက်စီးသွားသလို သေဆုံးသူတွေ များတယ်လို့ မြေပြင်မှာကူညီနေသူတစ်ဦးက ပြောပါတယ်။
“ဆေးရုံတက်တဲ့ လူနာ ၇၀ ကျော်လောက် ရှိတယ် အလောင်းကတော့ အခုလက်ရှိက ၄၀ ကျော်။ ဒါပေမဲ့ ပြန်သယ်သွားရမှာနဲ့ဆိုများတယ်။ အခုလောလောဆယ် ကျွန်တော်တို့ ဒီမှာ မူဆယ်၊ နမ့်ခမ်း ပရဟိတ အသင်းပေါင်းစုံက ဒီမှာပဲ။ ကျွန်တော့်အမျိုးလည်း တစ်ယောက်ပါသွားတယ်။ ကျွန်တော်တို့ ပရဟိတရုံးကလည်း အကုန်လုံး မရှိတော့ဘူး။ ကျွန်တော်အမျိုးတွေလည်း ထိကုန်ပြီဆိုတော့ စိတ်မကောင်းဘူး"
ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရွယ်စုံပါဝင်ပါတယ်။ ဆေးရုံမှာဆေးကုသမှု ခံယူနေတဲ့ လူနာတွေထဲမှာ အရေးပေါ်လူနာ တချို့ပါဝင်ပြီး သွေးနဲ့ဆေးဝါးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
ဒေသခံတွေနဲ့ ကူညီနေသူတွေပြောပြချက်အရ ဒဏ်ရာရသူတွေ များသလို ကူညီကယ်ဆယ်ရေးလည်း မပြီးသေးတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
ပျောက်ဆုံးနေတဲ့ ဒေသခံတချို့ ရှိသေးတာကြောင့် ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက ဆက်လက်ရှာဖွေနေကြဆဲဖြစ်တယ်လို့ ကောင်းတပ်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ဘယ်လောက်ထိ ဆိုးရွားလဲဆိုရင် ရပ်ကွက် တစ်ခုလုံးပါသွားတယ်။ တော်တော်များများ အိမ်တွေ ထိသွားတယ်။ ကျွန်မရော နည်းနည်း ထိသွားတယ်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် မဟုတ်ဘူး နည်းနည်းပဲ မှန်စတွေ ထိသွားတယ်။ ပျောက်နေတဲ့ အလောင်းတွေ ရှာမတွေ့သေးတဲ့ အလောင်းတွေကို ရှာနေတယ်။ အစတုန်းက ကျွန်မတို့က ဗုံးကြဲနေတယ်လို့ ထင်နေတာ။ အစ်မ တစ်ယောက်က ပြောတယ် ဗုံးကြဲတာ မဟုတ်ဘူးတဲ့ အဲဒီမှာ ယမ်းစက်ရုံ ရှိလို့ အဲဒီမှာ ပေါက်ကွဲသွားတာ။ အဲဒီမှာ စမ်းတယ်လို့တော့ ပြောတာပဲ ဘာစမ်းလဲတော့ မသိဘူး”
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အဲဒီစက်ရုံမှာ ခဲမဖြူနဲ့တောင်ဖြိုယမ်းတွေ သိုလှောင်ထားသလို တရုတ်နိုင်ငံသားတချို့လည်း အလုပ်လုပ်ကိုင်နေတာကြောင့် ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲဒီမှာက ကုန်ကြမ်းပုလင်းတွေရှိတယ်။ CNG တွေရှိတယ်။ ကုန်ကြမ်းပုလင်းတွေရှိတာပေါ့နော်။ တခြားယမ်းတွေလည်းရှိတယ်။ အခုပေါက်ကွဲတဲ့နေရာကလေ နောက်တခုက ကျွန်တော်တို့ မမြင်နိုင်တာတွေလည်းရှိနိုင်တယ်။ ဘာလို့ဆိုတော့ ရပ်ကွက်ကြီးတစ်ခုလုံးက စုတ်ပြတ်သွားတာလေ။ ကျွန်တော်တို့ သိရသလောက်ကတော့ တရုတ်နိုင်ငံသားတွေလည်း ပါတယ်လို့ သိရတယ်။ အဲဒီမှာ ယမ်းသိုလှောင်ရုံမှာ စီးပွားရေးစပ်တူလာလုပ်တယ်လို့ ပြောကြတယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ကတော့ ယမ်းပျော့တွေ သိုလှောင်ထားရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းနဲ့ ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီယမ်းပျော့တွေဟာ TNLA စီးပွားရေးဌာနရဲ့ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ လှောင်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရသူ အရေအတွက်အတိအကျကိုတော့ TNLA ထုတ်ပြန်ထားတာမရှိပါဘူး။
