မင်းတုန်းမှာ ဗုံးကြဲခံရပြီး ကလေး လေးဦးအပါအဝင် ၆ ဦးသေဆုံး

ပါရာမော်တာ သုံးစီးနဲ့ ဇွန်းကျကျေးရွာကနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအနီးကို ဗုံး ရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ဟုဆို။

မကွေးတိုင်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်တပ်က ပါရာမော်တာ (စက်တပ်လေထီး) တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး လေးဦးအပါအဝင် အရပ်သား ခြောက်ဦးသေဆုံးပြီး နောက်ထပ် ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သရက်ခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူတွေက စက်တင်ဘာ ၁၅ ရက်မှာ RFA ကို ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့နေရာဟာ အဲဒီအချိန်က တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမဟုတ်ဘူးလို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က RFA ကို ပြောပါတယ်။

“သူတို့ကို ဗုံးကြဲမယ်လို့လည်း မထင်ဘူးလေ။ တိုက်ပွဲဖြစ်နေတာမျိုးလည်း မရှိဘူးကိုး။ ပါရာမော်တာလာနေတဲ့အချိန် ကလေးတွေက ကျွန်တော်တို့ ငယ်ငယ်တုန်းကလို လေယာဉ်တွေလာရင် ထွက်ကြည့်ကြသလိုမျိုး ထွက်ကြည့်ကြတဲ့အချိန်မှာ ဘုန်းကြီးကျောင်းနဲ့ ဘုန်းကြီးကျောင်းအရှေ့က အိမ်တန်းကို ဗုံးသီးတွေချသွားတာ။ သေဆုံးတာလည်း ကလေးသူငယ်တွေ များတယ်”

စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ သရက်မြို့နယ်အခြေစိုက် အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၁၂) ဘက်က တက်လာတဲ့ ပါရာမော်တာ သုံးစီးက ဇွန်းကျကျေးရွာက နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအနီးတစ်ဝိုက်ကို ဗုံး ရှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ပြောပါတယ်။

သေဆုံးသူတွေက အသက် ၁၀ နှစ်အရွယ် မငုဝါလှိုင်၊ ၁၁ နှစ်အရွယ် မထက်သဇင်လှိုင်၊ ၁၅ နှစ်အရွယ် မောင်ကောင်းထက်ကျော်၊ ၁၇ နှစ်အရွယ် မခင်ဝေဇင်မိုး၊ ၂၅ နှစ်အရွယ် မနွယ်နွယ်ဝင်းနဲ့ အသက် ၇၀ အရွယ် ဒေါ်ပစာတို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် အသက် ၁၀ နှစ်အရွယ် မောင်ချစ်မဝ၊ ၁၃ နှစ်အရွယ် မောင်မင်းထက်ဦး၊ ၁၄ နှစ်အရွယ် မမြမှူးမေ၊ ၁၆ နှစ်အရွယ် မသင်းသင်းလှိုင်နဲ့ အသက် ၂၃ နှစ်အရွယ် မာလာတို့လည်း ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ပြောပါတယ်။

ဇွန်းကျကျေးရွာဟာ အိမ်ခြေ ၃၀ ခန့်သာရှိတဲ့ ရွာငယ်တစ်ရွာဖြစ်ပြီး ဆင်စခန်းရှိတာကြောင့် ဆင်လုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ အများစု နေထိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၆ ရက်ကလည်း မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းဘေးကို လေကြောင်းနဲ့ ပါရာမော်တာတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်ကလည်း မင်းတုန်းမြို့နယ် ပြောင်းကျေးရွာအနီးက ကုန်တင်ယာဉ်တွေ ရပ်နားတဲ့နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၅ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဘက်ကို စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသတွင်း တိုက်ပွဲတွေနဲ့ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်ကို သတိထားကြဖို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။