၁၉၆၁ ပြည်ပအကူအညီပေးရေးဥပဒေ (FAA) နဲ့ ၂၀၀၃ ခုနှစ် နိုင်ငံတကာဆက်ဆံရေးဥပဒေ (FRAA) တွေအရ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ် ဖြန့်ဖြူးရာ နိုင်ငံများစာရင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး ဒီအထဲမှာ မြန်မာနိုင်ငံလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။
နိုင်ငံစာရင်းကို အက္ခရာစဥ်အလိုက်ထုတ်ပြန်တာဖြစ်ပြီး အာရှနိုင်ငံတွေထဲမှာ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊လာအို၊ ပါကစ္စတန်နိုင်ငံတွေပါဝင်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖော်ပြရာမှာ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတွင်းရှိ မူးယစ်ဆေးဝါးမီခိုနေတဲ့ စီးပွားရေး လုပ်ငန်းတွေကို နှိမ်နင်းဖို့ အားထုတ်မှုအနည်းငယ်သာရှိတဲ့အတွက် တိုင်းပြည်ဟာ ဘိန်းဖြူနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်နေရကြောင်း၊ အလားတူ အာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရက ဘိန်း ထုတ်လုပ်တာကို တရားဝင်ပိတ်ပင်လိုက်ပေမယ့် ဒီနိုင်ငံကနေ နိုင်ငံတကာမူးယစ်ဆေးတွေ ပို့နေဆဲဖြစ်ကြောင်း၊ ဒါကြောင့် မြန်မာနဲ့ အာဖဂန်နှစ်နိုင်ငံကို မူးယစ်ဆေး တိုက်ဖျက်နှိမ်နင်းရာမှာ ပျက်ကွက်တဲ့နိုင်ငံတွေအဖြစ် သတ်မှတ်ကြောင်း သမ္မတထရန့် လက်မှတ်နဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒီစာရင်း ထုတ်ပြန်ရာမှာ နိုင်ငံအများစုက အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့အကြောင်း ဖော်ပြထားပြီး ဒီစာရင်းဟာ အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိမရှိအပေါ် အခြေမခံဘဲ ထွက်ရှိရာနဲ့ ကူးသန်း ရောင်းဝယ်ရာ လမ်းနိုင်ငံတွေအဖြစ် သတ်မှတ်တာသာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။
အရင်က မြန်မာစစ်ခေါင်းဆောင်တွေအဆက်ဆက် မူးယစ်လုပ်ငန်းတွေနဲ့တိုက်ရိုက်ပတ်သက်တယ်လို့ စွပ်စွဲချက်တွေ ရှိခဲ့ပေမယ့် အထောက်အထားနဲ့ ပြောဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။
ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ အမေရိကန်အစိုးရရဲ့ မူးယစ်ဆေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးဌာန (DEA) ရဲ့ သံမှူးအဖြစ် ၂၆ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ John Whalen က သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်းမှာ မြန်မာစစ်တပ်ဟာ မူးယစ်ဆေးထုတ်လုပ်နေတဲ့ လုပ်ငန်းတွေမှာ ပါဝင်မှုအကြောင်း ခိုင်လုံတဲ့ အထောက်အထား မရရှိခဲ့ပေမယ့် မူးယစ်ဆေးထုတ်လုပ်တဲ့ လုပ်ငန်းတွေဆီကနေ ‘အခွန်’ ကောက်ခံပြီး၊ ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းနဲ့ မူးယစ်ဆေး သယ်ဆောင်လာတဲ့ လမ်းကြောင်းတွေကို အကာအကွယ်ပေးနေ ကြောင်း သတင်းပေးပို့ချက် အမြောက်အမြား ရရှိခဲ့တယ်လို့ RFA ကို ၂၀၂၂ ခုနှစ်က ပြောကြားခဲ့ဖူးပါတယ်။
