ရွှေဘို၊ နှမစားရစ်ရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာတော်အပါအဝင် သုံးဦးသေဆုံး

ဘုန်းကြီးကျောင်းမှာ ရေသန့်စက်တပ်ဆင်ပြီး ရေသန့်ဖြန့်ဝေနေချိန် တိုက်ခိုက်ခံရတာဟုဆို။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာက ဘုန်းကြီးကျောင်း လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး အမျိုးသား နှစ်ဦး သေဆုံးကာ၊ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော် ဦးဆောင်ပြီး ကျေးရွာသားတွေ သောက်သုံးရေ အဆင်ပြေစေဖို့ ရေသန့်စက်တပ်ဆင်တာနဲ့ ရေသန့်ဖြန့်ဝေတာတွေ ပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်ခံရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒဏ်ရာရသူ ရှစ်ဦးထဲမှာ အခြေအနေစိုးရိမ်ရသူတချို့ ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဆုံးသွားတာက အသက် ၆၀ ကျော် အမျိုးသား နှစ်ဦးနဲ့ ကျောင်းထိုင် ဘုန်းကြီးတစ်ပါးပါ။ ၈ ဦးထိခိုက်တာ စိုးရိမ်ရတဲ့ အခြေအနေတွေလည်း ပါပါတယ်ဗျ”

ဒဏ်ရာရသူတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ လတ်တလော မသိရသေးပါဘူး။ လေကြောင်းကနေတိုက်ခိုက်ချိန်မှာ တိုက်ပွဲဖြစ်ပွားနေတာ မရှိဘူးလို့လည်း ရွှေဘိုမြို့နယ် ပကဖဘက်က ပြောပါတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ MiG-29 ဂျက်လေယာဉ်တစ်စီးနဲ့ သုံးကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရွှေဘိုမြို့အခြေစိုက် ခလရ (၄၂) က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ သုံးကြိမ် ထပ်မံပစ်ခတ်ခဲ့တယ်လို့လည်း ရွှေဘိုမြို့နယ် ပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုနေထိုင်ကြဖို့၊ လေယာဉ်သံ ဒါမှမဟုတ် လက်နက်ကြီးပစ်ခတ်သံ ကြားရချိန်မှာ လုံခြုံတဲ့နေရာတွေကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့နဲ့ မလိုအပ်ဘဲ လူစုလူဝေးလုပ်တာတွေ ရှောင်ကြဉ်ကြဖို့လည်း ရွှေဘိုမြို့နယ် ပကဖက တိုက်တွန်းထားပါတယ်။