ဧရာဝတီ ၅ မြို့နယ်မှာ ရေဘေးကြောင့် သုံးဦးသေဆုံးပြီး တစ်သိန်းကျော်ဘေးလွတ်ရာမှာခိုလှုံရ

ဟင်္သာတ၊ ရေကြည်နဲ့ ကျုံပျော်မြို့နယ်တွေအထိ ရေကြီးခဲ့တဲ့အတွက် အနည်းဆုံးလယ်ဧက လေးသောင်း ဝန်းကျင်ပျက်စီး။

ဧရာဝတီတိုင်းက လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ကျောင်းကုန်း၊ ငသိုင်းချောင်းမြို့တွေမှာ ရေကြီးလို့ သေဆုံးသူ ၃ ဦးရှိနေပြီး ရေဘေးဒုက္ခသည် တစ်သိန်းကျော်အထိရှိလာပြီလို့ ကူညီကယ်ဆယ်နေတဲ့တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လေးမျက်နှာမြို့နယ်ကို ရေဘေးကူညီဖို့လာတဲ့ ပရဟိတလူငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ က အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ဩဂုတ်လ ၁၈ ရက်နေ့က ရေနစ်သေဆုံးခဲ့ပါတယ်။ ဟင်္သာတမြို့နယ် လဟာပရွာက ဒေသခံတစ်ဦးလည်း ရေဘေးကြောင့်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

လေးမျက်မှာမြို့နယ်မှာ ရေနစ်မြုပ်တဲ့ ဧရိယာတွေလည်း ထပ်တိုးလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင် နေတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။

“လေးမျက်နှာမြို့ကတော့ နေလို့ကို အဆင်မပြေတဲ့ အတိုင်းအတာပေါ့။ အခုအချိန်အထိ‌ပေါ့လေ။ မြို့ပေါ် ရပ်ကွက်တွေပေါ့။ လူဦးရေဆိုရင်တော့ သိန်းကျော်မှာပေါ့။ လေးမျက်နှာ၊ အိုင်သပြု၊ အခု ငသိုင်းချောင်းတို့ ရေကြည်တို့ဘက်တွေပါ ရေက ရောက်နေ ပြီလေ။ လူအသေအပျောက်က နည်းနည်းပါးပါးရှိတယ်။ ကယ်ဆယ်ရေးလာတဲ့ အစ္စလာမ်လူငယ်လေးတစ်ယောက် အဲဒါ အိုင်သပြုလမ်းဆုံမှာပဲ ရေနစ်သေသွားတာရှိတယ်။ တစ်နေ့ကတော့ လဟာပမှာတစ်ယောက်ကြားတယ်”

လေးမျက်နှာမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၅ ကွက်အပြင် အိုင်သပြုနဲ့ ခမောက်စုစတဲ့ ‌ ကျေးရွာအုပ်စုတွေမှာ ဩဂုတ်လဆန်းကစပြီး ရေကြီးနစ်မြှုပ်နေသလို ကျေးရွာအုပ်စုတစ်ခုကို ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၁၀ ခုလောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကစပြီး လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ် ရေကာတာ ကျိုးပေါက်ရာကနေ ရေကြီးရေလျှံတာတွေ စဖြစ်ခဲ့တာပါ။

ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့မှာ အခုတပတ်အတွင်း ငဝန်မြစ်ရေးတိုးလာတဲ့အတွက် မြို့ပေါ်ရပ်ကွက်ဖြစ် တဲ့ ရွှေဘိုနဲ့ မြို့သစ်ရပ်ကွက်အပါအဝင်အနည်းဆုံး ရွာ ၃၀ ဝန်းကျင် ရေနစ်မြှုပ်သွားပြီလို့ ငသိုင်းချောင်း မြို့က ရေဘေးကူညီနေသူတစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ ရွှေဘိုရပ်ကွက်တို့လို အစွန်းအဖျားရပ်ကွက် တွေကတော့ မြှုပ်သွားပြီ။ တချို့ဆို အိမ်ခေါင် လောက်ပဲ ကျန်တော့တယ်။ ငသိုင်းချောင်းပတ်ဝန်းကျင်ရွာ တွေကတော့ အကုန်မြှုပ်တာပေါ့။ အသေ အပျောက်ကတော့ မနေ့ညကတော့ တစ်ယောက်ရှိတယ်။ အဲဒါ ငသိုင်းချောင်း မြို့ပေါ်ပဲ။ ရေနစ်ပြီး ဆုံးတာ”

ခမောက်စုကျေးရွာအုပ်စုမှာ အရင်က ‌ရေမမြုပ်သေးတဲ့ အင်္ဂလေးကုန်းရွာ၊ သံပုရာရိုးကုန်းစတဲ့ ကျေးရွာတွေမှာပါ လွန်ခဲ့တဲ့ငါးရက်ကစပြီး ရေနစ်မြှုပ်လာလို့ ကုန်းမြင့်ပိုင်းတွေကို ပြောင်းရွှေ့နေရတယ်လို့ ‌‌ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်ခြေ ၆၀ က နှစ်ဆယ်ကျော်လောက်က မြှုပ်တာနော်။ ရေဝင်သွားတော့ တစ်ရွာလုံးရော ဒီပြင်ရွာတွေရော အကုန်ဝင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရေဝင်သွားတော့ အလုပ်တွေက မရှိတော့ဘူးလေ။ ကလောတွေ၊ ကွမ်းတွေက ရေမြှုပ်ကုန်တော့ လုပ်စရာအလုပ်တွေက မရှိဘူး။ ခမောက်စုဘက်က တက်တက်ပြီးတော့ လှူတဲ့ဟာလေးတွေပဲ၊ ပေးကမ်းတဲ့ဟာလေးတွေပဲ စားနေရတာပေါ့”

ဟင်္သာတ၊ ရေကြည်နဲ့ ကျုံပျော်မြို့နယ်တွေအထိ ရေကြီးခဲ့တာကြောင့် အနည်းဆုံးလယ်ဧက လေးသောင်း ဝန်းကျင် ပျက်စီးဆုံးရှုံးနေပြီလို့ ဟင်္သာတမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။

“အဓိက ဆိုးဆိုးရွားရွားဒဏ်ခံရတာက လေးမျက်နှာမြို့နယ်ပေါ့။ အခုလောလောဆယ် စပါးခင်းတွေကတော့ ဆုံးရှုံးမှုတွေကတော့ အများကြီးရှိတယ်။ နောက် လယ်သမားတွေက စိုက်ပျိုးစရိတ်အားလုံးက သွင်းပြီးသား ဖြစ် သွားတဲ့အတွက် ပိုပြီးတော့ နစ်နာကြတယ်။ ပြန်ကျမယ်ဆိုရင်တော့ အခုနောက်ဝင်တဲ့ ရေကြည်တို့ ဟင်္သာတတို့ နေရာက လယ်တွေကတော့ ဆုံးရှုံးမှုနည်းမယ်ပေါ့။ ဒါပေမယ့် ဒီအတိုင်းဆက်ရှိနေမယ်ဆိုရင်တော့ ဆုံးရှုံးမှု ကတော့ များမှာပဲ။ လေးမျက်နှာ တစ်မြို့နယ်လုံးမှာရှိတဲ့ လယ်ဧက နှစ်သောင်းကျော်ကတော့ လုံးဝ ဆုံးရှုံးသွားတယ်”

လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်က ကျိုးပေါက်သွားတဲ့ ငဝန်ရေကာတာကို စစ်တပ်ခန့်အစိုးရက ပြန်ပိတ်ဖို့ ကြိုးစားနေပေမယ့် အခုအချိန်အထိ မပိတ်နိုင်သေးဘူးလို့ ‌ဒေသခံတွေက ပြောပါတယ်။