မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်တပ်ရဲ့ ဒရုန်း၊ ပါရာမော်တာနဲ့ ဂျိုင်ရိုကော်ပတာစတဲ့ ဝေဟင်သုံး တိုက်ခိုက်မှုတွေအပါအဝင် တိုက်လေယာဥ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေ စုစုပေါင်း ၃၁၇ ကြိမ် ရှိခဲ့တယ်လို့ တမာဖွံ့ဖြိုးရေးအင်စတီကျုက ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လအတွင်း မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၄၄၄ ကြိမ်ရှိခဲ့တဲ့အတွက် ဇူလိုင်လမှာ အများဆုံးဖြစ်တယ်လို့ဆိုပါ တယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေရော ရွာတွေကိုစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေကြောင့်ပါ သေဆုံးရတဲ့ လူပေါင်း ၄၀ ကျော်ရှိပြီး ပျက်စီးရတဲ့အိမ်နဲ့ အဆောက်အဦ ၅၆၀ လောက်ရှိသလို၊ လူပေါင်း ငါးသောင်းကျော် လောက်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်မှာ အထိခိုက်ဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ၁၇၆ ကြိမ်အထိခံရသလို သေဆုံးရတဲ့အရပ်သား ၂၁ ယောက်၊ ဒဏ်ရာရတဲ့သူအယောက် ၂၀ ၊ ပျက်စီးရတဲ့အဆောက်အဦက ၄၁၁ လုံးရှိတယ်လို့ ဖော်ပြထား ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကိုလေ့လာကြည့်တဲ့အခါ အရပ်သားတွေရဲ့နေရာတွေနဲ့စာသင်ကျောင်းတွေကို ပစ်မှတ်ထား တာသိသာတယ်လို့ တမာဖွံ့ဖြိုးရေးအင်စတီကျုရဲ့ သုတေသနနှင့်ပညာရေး ဒါရိုက်တာဖြစ်သူ မမေတမာက RFA ကိုပြောပါတယ်။
“ အထက်တန်းကျောင်းပွဲတစ်ခုမှ ဒရုန်းနဲ့တိုက်ခိုက်တယ်။ စာသင်ဆောင်တစ်ဆောင်ပျက်စီးခဲ့တယ်။ ဆောမြို့ နယ်မှာလည်း စာသင်ကျောင်းကိုပဲ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တယ်။ ချောက်မြို့နယ်မှာ စာသင်ကျောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာစာသင်ကျောင်ဆောင်အချို့ပျက်စီးခဲ့တယ်။ အလားတူမြို့မြို့နယ်မှာ Y 12 နဲ့ ဗုံးကြဲ တိုက်ခိုက်တယ်။ စာသင်ကျောင်းဆောင်တွေပျက်စီးခဲ့တာမျိုးတွေရှိခဲ့တယ်။ အဆိုးဆုံးကတော နတ်မောက် မြို့နယ်မှာ မူလတန်းလွန်ကျောင်းကို ပစ်မှတ်ထားပြီးတော့ ကလေးတွေစာသင်နေတဲ့အချိန်မှာ Mi 35 တိုက်ခိုက် ရေးယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ အဲဒီအတွက် မူလတန်းအရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီးတော့ တခြား ကလေး ၇ ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတာတွေ့ရတယ် ”
မကွေးတိုင်းမှာ ၂၅ မြို့နယ်ရှိပြီး လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာက ၁၂ မြို့နယ် ရှိပါတယ်။ ပခုက္ကူခရိုင်ထဲက ပေါက်၊ ပခုက္ကူ၊ မြိုင်နဲ့ ရေစကြို၊ မင်းဘူးခရိုင်ထဲက ပွင့်ဖြူနဲ့ ငဖဲ၊ ဂန့်ဂေါခရိုင်ထဲက ထီးလင်းနဲ့ ဆော၊ သရက် ခရိုင်ထဲက မင်းတုန်းနဲ့ မင်းလှ၊ မကွေးခရိုင်က ချောက်နဲ့ နတ်မောက်မြို့နယ်တို့ ပါဝင်ပါတယ်။
အဲဒီ မြို့နယ်တွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲက အကြိမ် ၂၀ ရှိခဲ့တယ်လို့ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးတင်ကိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကအထိနာနေတဲ့အတွက် လေကြောင်းကိုပဲအဓိကအားပြုသုံးပြီးတိုက်နေတာလို့ မကွေးတိုင်းမှာ လက်နက်ကိုင်တော်လှန်နေတဲ့ ရဲဘော်ယောလေး က RFA ကိုပြောပါတယ်။
“အဓိကကတော့ မကွေးက ရခိုင်ရဲ့ ဝင်ပေါက်ထွက်ပေါက်ဖြစ်တယ်ပေါ့နော်၊ ရခိုင်တပြည်နယ်လုံးကော၊ ရခိုင်ထိစပ်နေရာတွေမှာပါ AA ရဲ့ ခံခွါခြည်တိုက်တွေကြောင့် စကစက အထိနာနေတယ်ပေါ့လေ၊ ဒါကြောင့် မကွေးတင်မကဘူး။ ရခိုင်မှာလည်း လေကြောင်းက တောက်လျှောက်ဗုံးကြဲနေတာပဲ “
အခုဆိုရင် ဘေးလွတ်ရာကိုထွက်ပြေးနေရတဲ့ အရပ်သားတွေဟာ မိုးများတဲ့အတွက်လည်း လေကြောင်းရန် အပြင် ရာသီဥတုဒဏ်ပါခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စာရင်းပြုပြီး နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကလည်း စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၆ ခုနှစ် ဇွန်လအထိ ငါးနှစ် ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂,၅၂၂ ဦး သေဆုံးပြီး ၂,၃၉၇ ဦး ဒဏ်ရာရခဲ့တယ် လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ နေ့က ထုတ်ပြန်ထားပါတယ်။
